ထိုင်းမြန်မာ နယ်စပ် ရေကြီး

Image caption မဲဆောက်မြို့မှာလည်း အကြီးအကျယ် ရေကြီးနေ ပါတယ်

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံမှာ မိုးဆက်တိုက် ရွာပြီး၊ သောင်ရင်းမြစ်နဲ့ သံလွင်မြစ်တွေ ရေလျှံလို့ နယ်စပ်က မြ၀တီနဲ့ ကရင်ပြည်နယ် မြို့တော် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနေ ပါတယ်။

သောင်းရင်း မြစ်ဖျားပိုင်းမှာ မိုးဆက်တိုက် ရွာပြီး၊ တအား လှိမ့်ဆင်းလာတဲ့ ရေတွေကြောင့်၊ သောင်း ရင်းမြစ် နှစ်ဘက်က၊ မဲဆောက်နဲ့ မြ၀တီ နှစ်မြို့စလုံး ရေမြုပ်နေ ပေမယ့် မြ၀တီမြို့က ပိုပြီး အထိနာပါတယ်။

မြဝတီမြို့ထဲက ရပ်ကွက် အတော်များများ ရေမြုပ်ကုန်လို့ လူထုတွေကို မြ၀တီမြို့က နာရေး ကူညီရေး အသင်းတွေက၊ ကားတွေနဲ့ ရေလွတ်ရာကို ကူညီ ရွှေ့ပြောင်းပေးကြတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

နယ်စပ်အပြင် သံလွင်မြစ်ဘေးက ကရင်ပြည်နယ် မြို့တော် ဘားအံ အထက်ပိုင်းက သံလွင်မြစ် တလျှောက် မှာလည်း မိုးသည်းလို့ တောင်ရေတွေ လှိမ့်ဆင်းနေတဲ့ တချိန်တည်းမှာ၊ သံလွင်ထဲကို စီးဝင်သွားတဲ့ သောင်ရင်းမြစ်က ရေတွေနဲ့၊ နှစ်ဆဖြစ်ပြီး မြစ်အောက်ပိုင်းက ဘားအံမြို့ပေါ် ရပ်ကွက်တွေ အားလုံးရေ မြုပ်ကုန် ပါတယ်။

ဘားအံမြို့ခံ တယောက်က၊ မြို့တွင်း ၉ ရပ်ကွက် စလုံး ရေမြုပ်ကုန် တယ်လို့ ပြောပါတယ်။

ဒီလို ရေကြီးနေတဲ့ အတွက်မြဝတီနဲ့ ဘားအံ နှစ်မြို့ စလုံးမှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွား တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးတော့၊ မိုးလေဒါဏ်ကြောင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးတဲ့ ကလေး လူနာတွေ ဆေးရုံကို အတော်များများ ရောက်လာ ကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ