BBC navigation

ရခိုင် ပဋိပက္ခ အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 11:35 GMT

ရခိုင် ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိ ပက္ခတွေကို သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေး မှုတွေ လုပ်နိုင်ဖို့ အတွက် သမ္မတ ဦးသိန်းစိန်က စုံစမ်းရေး ကော်မရှင် တခုကို သောကြာနေ့က ဖွဲ့စည်း ပေးလိုက် ပါတယ်။

ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ ဥက္ကဌအဖြစ် သာသနာရေး ဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးမြင့်နဲ့၊ အတွင်း ရေးမှူး အဖြစ် Myanmar Egress မှ ဒေါက်တာ ကျော်ရင်လှိုင်တို့ကို တာဝန် ပေးထား ပါတယ်။

ကော်မရှင်မှာ ဘာသာရေး အသင်းအဖွဲ့က တာဝန် ရှိသူတွေ၊ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေ၊ အနု ပညာရှင်တွေနဲ့ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေ အပြင် ၈၈ မျိုးဆက် ကျောင်းသား စတဲ့ အဖွဲ့ဝင် ပေါင်း ၂၇ ယောက် ပါဝင် ပါတယ်။

အဲဒီ ထဲမှာ အစ္စလမ် ဘာသာရေး အဖွဲ့ အစည်းတွေက ပုဂ္ဂိုလ် ၆ ယောက်လည်း ပါဝင် ပါတယ်။

ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ တွေဟာ တဘက်နဲ့ တဘက် မီးရှို့ ရိုက်နှက် ကြတာတွေသာမက ပိုမို ရှုပ်ထွေး နက်ရှိုင်းတဲ့ ပြဿနာတွေ အများကြီး ရှိနေသေးတယ် လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် အခု ဖွဲ့စည်း လိုက်တဲ့ စုံစမ်းရေး ကော်မရှင်မှာ လူထု ယုံကြည်သူ တွေကို ထည့်သွင်းထားတဲ့ အတွက် သူတို့ သွားရောက် စစ်ဆေးတဲ့ အခါ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို သိရှိလာကြမယ့် အပြင် နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ် အောင် ဘယ်လို လုပ်ဆောင် သင့်တယ် ဆိုတဲ့ အဖြေ မျိုးလည်း ပါလာ နိုင်တယ်လို့ သူက ပြောပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလို ကော်မရှင် ဖွဲ့စည်း တာဟာ အစိုးရ အနေနဲ့ လုပ်သင့် လုပ်ထိုက်လို့ လုပ်တာသာ ဖြစ်ပြီး၊ ပြည်ပရဲ့ ဖိအားကြောင့် လုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရခိုင် ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး လေ့လာ တွေ့ရှိချက် တွေကို အခု ဖွဲ့စည်း ပေးလိုက်တဲ့ ကော်မရှင်က လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ သမ္မတထံ တိုက်ရိုက် အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။

စုံစမ်းရေး ကော်မရှင်မှာ ပါဝင်တဲ့ အစ္စလာမ် သာသနာရေး ကောင်စီ ဌာနချုပ် အတွင်းရေးမှုးချုပ် ဦးတင်မောင်သန်း ကတော့ ဒီအဖွဲ့ကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးမယ် ဆိုရင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ တွေကို အဖြေ ရှာနိုင် လိမ့်မယ်၊ တဘက် ကလည်း ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်း မှသာ နိုင်ငံတကာက လက်ခံ လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။