BBC navigation

အေဒီဘီရဲ့ ခန့်မှန်းချက်တွေ အကောင်း မြင်လွန်း နေသလား

နောက်ဆုံး ရေးသားချိန် 21 သြဂုတ်လ 2012 - 16:24 GMT
ADB says Myanmar could be middle income nation with reforms

ပြုပြင် ပြောင်းလဲမှုတွေ အရ မြန်မာ နိုင်ငံဟာ တဦးချင်း ဝင်ငွ တိုးလာ နိုင် တယ်လို့ ခန့်မှန်း

မြန်မာ နိုင်ငံမှာစီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်မယ် ဆိုရင် ပျှမ်းမျှ နှစ်စဉ် တဦးချင်း ဝင်ငွေဟာ ၇ ကနေ ၈ ရာနှုန်း အထိ တိုးလာ နိုင်ပြီး နှစ် ၂၀ လောက် အတွင်းမှာ ဝင်ငွေ သုံးလေးဆ တိုးလာ လိမ့်မယ်လို့ ခန့် မှန်းထားတဲ့ အစီရင် ခံစာနဲ့ ပတ်သက်ပြီး အေဒီဘီ အာရှ ဖွံ့ဖြိုးရေး ဘဏ် တာဝန်ရှိသူတွေက သတင်း ထောက်တွေကို ရန်ကုန် မြို့မှာ ရှင်းပြခဲ့ ပါတယ်။

ဒါဟာ အကောင်း မြင်တယ် လို့ ပြောရင် ရပေမဲ့ အစိုးရက အခု စတင် လုပ်နေတဲ့ ပြုပြင် ပြောင်းလဲရေး တွေ ဆက်လုပ် သွားမယ် ဆိုရင် ဆိုတဲ့အခြေခံနဲ့ ပြောတာ ဖြစ်ပြီး တချို့ နိုင်ငံတွေမှာ မျှော်လင့် ထားတာ ထက်ပို အောင်မြင်တတ် သလို မျှော်လင့် တဲ့ အတိုင်း ဖြစ်မလာ တာတွေလည်း ရှိတယ်လို့ ရန်ကုန်မှာ ရောက်နေတဲ့ အေဒီဘီ ထိပ်တန်း စီးပွားရေးပညာရှင် ဒေါက်တာ ဆင်ယောင်ပတ်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက် လာဖို့ အလား အလာ ကောင်းတွေ ကို ပြောထားပြီး အခု တိုင်းပြည် ထဲမှာဖြစ်နေတဲ့ အဂတိ လိုက်စားမှုတွေ၊ အာဏာပိုင် တွေနဲ့ နီးစပ်သူတွေသာ စီးပွား ဖြစ်နေတာတွေကို အေဒီဘီက ထည့်သွင်း ပြောထားခြင်း မရှိတာကို ဘီဘီစီက မေးရာ မှာတော့ မြန်မာ တစ်နိုင်ငံ ထဲမှာတင် ဒီလို ပြဿနာရှိနေတာ မဟုတ်ဘဲ တခြား နိုင်ငံတွေ မှာလည်း အလားတူ ပြဿနာ မျိုးတွေ ရှိတယ်၊ ဒါတွေ ကလည်း စိုးရိမ်စရာ ကောင်းပါတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အစိုးရမှာ ပွင့်လင်း မြင်သာမှု ရှိဖို့နဲ့ ပြုပြင် ပြောင်းလဲရေးကို အောင်မြင်အောင် လုပ်နိုင်တဲ့ စွမ်းရည် ရှိဖို့ အရေးကြီး ကြောင်းနဲ့ အမှန်တကယ် စိတ် ဆန္ဒ ရှိရင် ဖြစ်အောင်လုပ်လို့ရ နိုင်တယ်လို့ လည်း ဒေါက်တာ ဆင်ယောင်ပတ်က ပြော ပါတယ်။

စျေးကွက် စီးပွားရေး စနစ် ရှင်သန် လည်ပတ် နိုင်မယ့် အခြေခံတွေကို အရင်ဆုံး လုပ်ပေးဖို့ လိုတဲ့ အပြင် ဥပဒေပိုင်းနဲ့ ထိန်းကျောင်း ပေးဖို့လည်း လိုအပ်တယ် လို့ ဆိုပါတယ်။

ပြုပြင် ပြောင်းလဲ ရာမှာ အဓိက ကျတဲ့ ဘဏ်လုပ်ငန်း စနစ် ထိထိ ရောက်ရောက် လုပ်နိုင်တဲ့ အခြေအနေ ရောက်ဖို့ ရာ အစိုးရ ကိုယ်တိုင်က စပြီးလုပ်ပြ ဖို့ လိုအပ်တယ်၊ ဥပဒေတွေ ပြဌာန်းတာ၊ လိုအပ်တဲ့ အခြေခံ ဖွဲ့စည်းမှုတွေ ဆောင်ရွက်တာ တို့ကိုအစိုးရက လုပ်ရမှာ ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့ အစည်းတွေက နည်းပညာပိုင်းမှာ အကူညီပေး နိုင်တယ်လို့ ဒေါက်တာ ဆင်ယောင်ပတ်က ပြော ပါတယ်။

အခု နှစ်ဆန်းပိုင်းက စပြီး အေဒီဘီက စီးပွားရေးနဲ့ ပတ်သက်လို့ ဘယ်နေရာတွေမှာ အေဒီဘီရဲ့အကူညီလိုအပ်နေ သလဲဆိုတာ လေ့လာ နေတဲ့ အကြောင်းနဲ့ အဲဒီ တွေ့ရှိချက် တွေအရ အစိုးရ ပိုင်းမှာ စွမ်းဆောင်ရည် ပို အားကောင်း လာအောင် နဲ့ နည်းပညာ ဆိုင်ရာ အကူအညီ ပေးနေပေမဲ့ ငွေကြေး အရ ကူညီတာတော့ မရှိသေး ဘူးလို့ ဆိုပါတယ်။

ဒါကလည်း အေဒီဘီကို မြန်မာ နိုင်ငံက ပေးစရာ ရှိတဲ့ ကြွေးမြီ ဒေါ်လာသန်း ၅၀၀ ပြန်မရသေး လို့ဖြစ်ပြီး ဒီပြဿနာကို အခု နှစ်ကုန် လောက်မှာ ဖြေရှင်း နိုင်ဖို့ မျှော်လင့် ကြောင်း ဒေါက်တာ ဆင်ယောင်ပတ်က ပြော ပါတယ်။

ဒီကိစ္စနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ အလှူရှင် နိုင်ငံတွေ ဘက်က ဖြစ်ချင်တာ တွေကို အားလုံး သဘောတူညီ မှုရအောင် ဆောင်ရွက် ပြီးပြီ ဆိုရင် အေဒီဘီ ဘက်ကလည်း ငွေပြန် ချေးနိုင်ဖို့ မျှော်လင့် တယ်လို့ ရန်ကုန်မြို့မှာ ရောက် နေတဲ့ အေဒီဘီ ထိပ်တန်း စီးပွားရေးပညာရှင် ဒေါက်တာ ဆင်ယောင်ပတ်က ပြောပါ တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။