BBC navigation

လူ့အခွင့်အရေး ရှေ့နေ လိုင်စင်သိမ်းခံရ

နောက်ဆုံး ရေးသားချိန် 26 သြဂုတ်လ 2012 - 16:08 GMT

ရန်ကုန် ရှေ့နေချုပ်ရုံး

၂၀ဝ၉ခုနှစ်က စပြီး ရှေ့နေလိုက်ခွင့် လိုင်စင် ရထားတဲ့ လူ့အခွင့်အရေး ရှေ့နေ တယောက်ကို ရှေ့နေ မဖြစ်ခင်က ပြစ်မှုကျခံ ခဲ့ရဘူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် တရားရုံးချုပ်က ရှေ့နေလိုင်စင် ပြန်သိမ်းလိုက် ပါတယ်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ရပ်မှာနေတဲ့ အထက်တန်း ရှေ့နေ ဦးမျိုးမင်းထွန်းခေါ် ဦးပါစီပြည်ဟိန်းကို ရှေ့နေလိုင်စင် ပြန်အပ်ဖို့ ပြည်ထောင်စု လွှတ်တော်တရား ရုံးချုပ် ကနေ အကြောင်းကြားစာပို့ လိုက်တာဖြစ်ပါတယ်။

ရှေ့နေဦးမျိုးမင်းထွန်း ပြစ်ဒဏ် ကျခံရတာ ကတော့ သူရှေ့နေ မဖြစ်ခင်ကျူရှင် ဆရာဘဝ ၂၀ဝ၇ ခုနှစ် ကာလက မင်္ဂလာဒုံ မြို့နယ်မှာ စည်ပင်သာယာနဲ့ ဖြစ်တဲ့ နယ်မြေ ကျူးကျော်မှု တခုမှာ ကြားကနေ ဝင်ရောက် ပြောဆိုလို့ စည်ပင် ဝန်ထမ်းတွေကို တာဝန် ဝတ္တရား နှောင့်ယှက်တယ် ဆိုပြီး ထောင်ဒဏ် ၃လ ကျခံခဲ့ရတာလို့ ပြောပါတယ်။

ဒီပြစ်ဒဏ် ကျခံခဲ့ရတာကို ၂၀ဝ၉ ခုနှစ် ရှေ့နေ လိုင်စင်ထုတ် ပေးတုန်းက အရေးတယူ မလုပ်ခဲ့ဘဲ အမှုလိုက် ရှေ့နေဖြစ်ကာမှ နာမည်ကြီး ကုမ္ပဏီတခုနဲ့ အပြန်အလှန် တရားစွဲ ဆိုမှု ကိစ္စကို အကြောင်းပြုပြီး ခုလို လိုင်စင် ပြန်သိမ်းတာဟာ သူ့အပေါ် အနိုင်ကျင့်တာလို့ ထင်ကြောင်း ရှေ့နေ ဦးမျိုးမင်းထွန်က ပြောပါတယ်။

ရှေ့နေ ကျင့်ဝတ် ဖေါက်ဖျက်လို့ လိုင်စင် သိမ်းခံရတဲ့ ရှေ့နေတွေတောင် တရားရုံး အဆင့်ဆင့် လျှောက်လဲ တင်ပြပြီးမှ အပြီးသတ် သိမ်းခံရတာမျိုး ဖြစ်လို့ အခုကိစ္စမှာ သူ့ဘက်က ရှေ့နေ ကျင့်ဝတ် ဖေါက်ဖျက်တာ မရှိဘဲ ခုလို တချက်လွှတ် ဆုံးဖြတ် လိုက်တဲ့ အပေါ် သမ္မတ အပါဝင် လွှတ်တော် ၂ ရပ်နဲ့ တရား လွှတ်တော်ချုပ် အထိ အသနားခံ တင်ပြသွားမယ်လို့ ဦးမျိုးမင်းထွန်းက ပြောပါတယ်။

ခုရှေ့နေလိုင်စင် သိမ်းတဲ့ အမိန့်စာ ရချိန်ဟာ ဇေကမ္ဘာ ကုမ္ပဏီနဲ့ လယ်သိမ်းခံ ကုမ္ပဏီဘက်က ကူညီဆောင်ရွက်နေတဲ့ ဦးနေမျိုးဝေရဲ့အမှုကို သူ ရှေ့နေ လိုက်ပေးချိန်နဲ့ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်နေလို့ ဒီကိစ္စဟာ အချိန်ကိုက်များ ဖြစ်နေလေသလား တိုက်ဆိုင်မှုတခုလားဆိုပြီး ဝေခွဲမရ ဖြစ်နေတဲ့ အကြောင်း ကိုလည်း ရှေ့နေဦးမျိုးမင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။