BBC navigation

ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် ပြည်တော်ပြန်ပြီ

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2012 - 16:12 GMT

ညနေပိုင်းမှာတော့ ၈၈ မျိုးဆက်ကျောင်းသား များ ရန်ပုံငွေ၊ စေတနာ ဝသန် ဂီတ ဖြေဖျော်ပွဲကို ကိုမိုးသီးဇွန်တက်ရောက်ခဲ့ (ဓာတ်ပုံ BURMA VJ)

၁၉၈၈ လူထုအုံကြွမှုမှာ ရှေ့တန်းကနေ ဦးဆောင်ပါဝင် ခဲ့တဲ့ အထင်ကရ ကျောင်းသား ခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ကိုမိုးသီးဇွန်ဟာ မြန်မာနိုင်ငံကို စနေနေ့မှာ ပြန်တော်ပြန် သွားပြီ ဖြစ်ပါတယ်။

သူနဲ့ အတူ တခြား ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုထွန်းအောင်ကျော် အပါအဝင် ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူ ၅ ဦးတို့လည်း ပြန်တော်ပြန်ထဲမှာ ပါဝင်ပါတယ်။

နိုင်ငံရေး ပြဿနာတွေ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့၊ အမျိုးသား ပြန်လည် သင့်မြတ် ရေး လုပ်ငန်းစဉ်တွေ အတွက် ကြိုးပမ်း ဆောင်ရွက် ချင်လို့ မြန်မာပြည်ကို ပြန်လာခဲ့တာ ဖြစ်တယ်လို့ ကိုမိုးသီးဇွန်က ဘီဘီစီကို ပြောပါတယ်။

"၂၄ နှစ် လုံးလုံး ပြန်ချင်နေတဲ့ ကိုယ့်အိပ်မက် ထဲက ဇာတိမြေကို ပြန်ရောက်တော့ ဝမ်းသာ တာပေါ့ "

မိုးသီးဇွန်

သူက ဆက်ပြောရာမှာ အစိုးရက တာဝန်ရှိသူ ဝန်ကြီးတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး၊ မတွေ့ရတာ ၂၄ နှစ်ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ချင် တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဒီမိုကရေစီရေး ကြိုးပမ်းလုပ်ဆောင်နေတဲ့ အပြောင်းအလဲတွေမှာ ပူးပေါင်း ပါဝင်ပြီး၊ အကူအညီ ပေးနိုင်ဖို့ အတွက် အဓိက လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။ မြန်မာ့ နိုင်ငံ ရေး လှုပ်ရှားမှုထဲမှာ သူ့အနေနဲ့ တတ်နိုင်သမျှ ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးချင်တယ် လို့လည်း သူက ပြောပါတယ်။

ကိုမိုးသီးဇွန်ဟာ ၁၉၈၈ ခုနှစ် ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု အုံကြွမှုကို ခေါင်းဆောင်ခဲ့သူ တဦး ဖြစ်ပြီး၊ အဲဒီနောက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

တောခိုခဲ့ပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဌလည်း ဖြစ်ခဲ့သူ ကိုမိုးသီးဇွန်ကို အရင် မြန်မာစစ် အစိုးရက မျက်ကွယ် သေဒဏ် စီရင်ချက် ချထား တာ ဖြစ်ပါတယ်။

သူ့အပေါ် မျက်ကွယ် သေဒဏ် စီရင်ချက် ချထားတဲ့ ကိစ္စကိုလည်း သမ္မတ ဦးသိန်းစိန်း အစိုးရ အဖွဲ့ တာဝန် ရှိသူတွေနဲ့ ဆွေးနွေး သွားမယ် လို့ပြောပါတယ်။

ရန်ကုန် လေဆိပ် အရောက်မှာတော့ သူ့ကို ထောက်ခံတဲ့ နိုင်ငံရေး လှုပ်ရှားသူ ရာဂဏန်းလောက် လာရောက် ကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်။

သောကြာနေ့ ကလည်း နောက်ထပ် ABSDF ဥက္ကဌဟောင်း တဦးဖြစ်သူ ဒေါက်တာနိုင်အောင် ဟာ တခြား ခေါင်းဆောင်တွေနဲ့ အတူ မြန်မာပြည်ကို ပြန်သွားခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။