BBC navigation

ဆားလင်းကြီး လယ်သမားတွေ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2012 - 18:10 GMT

အသိမ်းခံရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့ တောင်သူတွေ နဲ့ အတူ ကျောင်းသားတွေကလည်း ပါ၀င်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က ၀မ်ပေါင် ကုမ္ပဏီနဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်တို့ ပူးပေါင်း လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်း လုပ်ကိုင်ရာမှာ ဒေသခံ လယ်ယာမြေဧက(၇)ထောင်ကျော် သိမ်းဆည်းထားတာကြောင့် တောင်သူတွေက မိမိတို့ယာမြေတွေ ပြန်ရရေးအတွက် ဗုဒ္ဓဟူးနေ့က တောင်သူတွေနဲ့ ခရိုင်ဗကသ ကျောင်းသာများလည်း ပါ၀င်ပြီး အင်အား(၄) ထောင်ကျော် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

လယ်ယာမြေအသိမ်းခံရတဲ့ ကျေးရွာပေါင်း ၂၆ရွာက တောင်သူတွေဟာ ဇွန်လ ၂ ရက်နေ့ထဲက စတင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

လယ်ယာမြေအဓမ္မသိမ်းဆည်းတာမလုပ်ဖို့၊ တရားမျှတစွာဖြေရှင်းပေးဖို့၊ ကြေးနီစီမံကိန်း ကြောင့် သဘာဝဆိုးကျိုး တွေတားဆီးဖို့၊ သာသနာ့မြေတွေ ပြန်ပေးဖို့နဲ့ ကြေးနီ စီမံကိန်း ရပ်တန်းကရပ်ဖို့ စတဲ့ အချက်တွေ တောင်းဆိုခဲ့ကြပြီး ဒီဆန္ဒပြပွဲကို တခြားအဖွဲ့တွေကပါ ပါဝင်ခဲ့တယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက် ပေးနေတဲ့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

ဒီဆန္ဒပြပွဲကို ရဲတပ်ရင်းက တားမြစ် ဟန့်တား တာတွေ လုပ်ခဲ့တယ် လို့လည်း ကိုဟန်ဝင်းအောင်က ထပ်လောင်း ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကလည်း လယ်ယာဆုံးရှုံးနေရတဲ့ တောင်သူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ကိုဝေလုကိုအာဏာပိုင်တွေကဖမ်းဆီးပြီး ပုဒ်မ ၃ ခုနဲ့တရားစွဲဆိုထားတယ်လို့သိရပါတယ်။

၂၀၁၀ခုနှစ်အစောပိုင်းထဲက ကြေးနီစီမံကိန်းအတွက် လယ်ယာမြေဧက ခုနှစ်ထောင်ကျော်သိမ်းပြီး ရွာ၄ရွာကို ဖျက်သိမ်းပြောင်းရွှေ့ခိုင်းခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လျော်ကြေးငွေ ပေးမှုတွေရှိပေမယ့် ဒါဟာ လယ်သမားတွေ ရဲ့ ဆုံးရှုံးသွားတဲ့ သီးနှံတွေ အတွက်သာ ဖြစ်ကြောင်း ဘီဘီစီက သိရှိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။