BBC navigation

စင်ပြိုင် အစိုးရ တရားဝင် ဖျက်သိမ်းပြီ

နောက်ဆုံး ရေးသားချိန် 14 စက်တင်ဘာလ 2012 - 15:56 GMT
Dr Sein Win

ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ NCGUB ကို ဖျက်သိမ်း လိုက်ကြောင်း ဝန်ကြီးချုပ် တာဝန် ယူထားတဲ့ ဒေါက်တာ စိန်ဝင်း ကိုယ်တိုင် ဒီနေ့ နေ့စွဲနဲ့ လက်မှတ် ရေးထိုး ကြေညာလိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ မြန်မာ စစ်အစိုးရက ငြင်းပယ်ခဲ့ပြီးနောက် လွှတ်တော်ခေါ်ယူဖို့ ကြိုးစားကြတဲ့ အနိုင်ရကိုယ်စားလှယ်တွေကို အစိုးရက ဖမ်းဆီး အရေးယူခဲ့ပါတယ်။

အစိုးရရဲ့ ဖမ်းဆီး အရေးယူမှုတွေကို ရှောင်တိမ်းရင်း ပြည်ပရောက်လာကြတဲ့ ၉၀ အနိုင်ရတဲ့ အမတ်တွေ စုစည်းပြီး ပြည်ထောင်စု မြန်မာနိုင်င့ အမျိုးသား ညွန့်ပေါင်း အစိုးရကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ရရှိရေးနဲ့ လူ့အခွင့်အရေး ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေး ရည်မှန်းချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ NCGUB ကို အခုလို ဖျက်သိမ်းလိုက်တာဟာ ရည်မှန်းချက်တွေ ပြည့်ဝသွားလို့ ပါလားလို့ ဦးစိန်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ သူက ငြင်းဆို ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရရှိသွားလို့ မဟုတ်ဘဲ အခြေအနေနဲ့ မကိုက်ညီတော့လို့ ဖျက်သိမ်းလိုက်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် မှတ်ပုံတင်လိုက်ပြီး အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေချိန်မှာ စင်ပြိုင် အစိုးရ နာမည်နဲ့ ဆက်လက် မရပ်တည် သင့်တော့ဘူး လို့ ယူဆတဲ့ အတွက် ဖျက်သိမ်းလိုက်တယ် လို့ ဆိုပါတယ်။

စင်ပြိုင် အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ အားနည်း ပျော့ညံ့မှုတွေ ရှိတယ်လို့ လည်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခု တရားဝင် ဖျက်သိမ်းချိန် မတိုင်ခင် ကတည်းက စင်ပြိုင် အစိုးရဟာ ပြိုပျက်ခဲ့ ပြီး ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

စင်ပြိုင် အစိုးရရဲ့ ဦးဆောင်မှုနဲ့ နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံကို တည်ထောင်နိုင်ခဲ့သလို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ကျအောင်လည်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဦးစိန်ဝင်း ကဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။