BBC navigation

မြန်မာအစိုးရက အကျဉ်းသား ၅၀၀ ကျော် ထပ်လွှတ်

နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2012 - 12:03 GMT

တနင်္လာနေ့ အထိ သိရသမျှ နိုင်ငံရေး အကျဉ်းသား ၅၈ ဦး ပြန်လွတ်လာတယ်လို့ NLD ကပြောပါတယ်

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးက အကျဉ်းသား (၅၁၄) ဦးကို သမ္မတ ကနေ တနင်္လာနေ့က စလို့ လွတ်ငြိမ်းချမ်း သာခွင့်ပေး လိုက်ပြီ ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်တဲ့ အထဲကနေ အခုအချိန် (တနင်္လာနေ့) အထိ ပြန်လွတ်လာသူ နိုင်ငံရေး အကျဉ်းသား ၅၈ ဦး ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးနိုင်းနိုင်းက ပြောပါတယ်။ NLD စာရင်း အရ နိုင်ငံရေး အကျဉ်းသား ၂၈၀ ရှိတယ်လို့ သိရပါတယ်။ နိုင်ငံခြားသား အကျဉ်းသားတွေလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အထဲမှာ ပါဝင်ပါတယ်။

၁၉၉၈ ခုနစ်မှာ ဖမ်းဆီးခံခဲ့ ရတဲ့ မန္တလေးက နိုင်ငံရေး အကျဉ်းသား တဦးဖြစ်သူ ဦးရွှေထူးလည်း တောင်ကြီးထောင် ကနေ ပြန်လွတ် လာပြီ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁)အရ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပြီး၊ နိုင်ငံတော် တည်ငြိမ်ရေး နှင့် ထာ၀ရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်နဲ့ လူသားချင်း စာနာထောက် ထားမှုကို အလေးပေးတဲ့ အနေနဲ့ အခုလို ပြန်လွှတ်ပေး လိုက်တာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖေါ်ပြထား ပါတယ်။

အစိုးရက ပြီးခဲ့တဲ့ တနှစ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ ထောင်နဲ့ ချီ ပြန်လွှတ် ပေးခဲ့ပြီး ဖြစ်ပေမဲ့ အခုအထိ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၃၀၀ ကျော် ရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေ အကြောင်း မှတ်တမ်းပြုစုတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။

စက်တင်ဘာလ ၁၇ ရက် တနင်္လာနေ့ မှာပဲ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကလည်း အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေကို အကျဉ်းထောင်တွေထဲ သွားရောက် ကြည့်ရှုခွင့် ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။