BBC navigation

တရုတ်သင်္ဘောသားတွေကို သတ်ခဲ့ကြောင်း နော်ခမ်း ဝန်ခံ

နောက်ဆုံး ရေးသားချိန် 22 စက်တင်ဘာလ 2012 - 16:26 GMT

မူးယစ်ရာဇာ စိုင်းနော်ခမ်းကို မြန်မာအစိုးရ ကလည်း အလိုရှိနေ

မဲခေါင်မြစ်ထဲမှာ တရုတ် သင်္ဘောသား ၁၃ဦး ကို သတ်ဖြတ်ခဲ့မှုနဲ့ စွပ်စွဲခံထားရသူ တရားခံ ၆ဦးက သူတို့မှာ အပြစ်ရှိကြောင်း တရုတ် တရားရုံးမှာ စနေနေ့က ထုတ်ဖေါ် ဝန်ခံ လိုက်ပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့က တရားရုံးတခုမှာ ရုံးတင် စစ်ဆေးခံနေတဲ့ အဲဒီ တရားခံ ၆ ဦးထဲမှာ မြန်မာ၊ ထိုင်း နဲ့ လာအို ရွှေတြိဂံနယ်မြေမှာ သြဇာ အရှိန်အဝါ ကြီးတဲ့ မြန်မာပြည်သား မူးယစ်ရာဇာ စိုင်းနော်ခမ်း လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လတုန်းက မဲခေါင်မြစ်ထဲမှာ ကုန်တင် သင်္ဘောနှစ်စီးကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့ရာမှာ တရုတ် သင်္ဘောသားတွေ သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တရုတ်သင်္ဘော နှစ်စင်း တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းမှာ မဲခေါင် မြစ်ကြောင်းတလျှောက် ရေကြောင်းလုံခြုံရေးအတွက် လက်နက်ကိုင် ကင်းလှည့်မှုတွေ လုပ်ဆောင်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

တရုတ်၊ မြန်မာ၊ ထိုင်းနဲ့ လာအို လေးနိုင်ငံ ပူးပေါင်း စစ်ဆင်မှုအတွင်း စိုင်းနော်ခမ်းကို ဖမ်းဆီးမိခဲ့ပြီး တရုတ်အစိုးရလက်ထဲ လွှဲပြောင်းပေးခဲ့တာပါ။

စိုင်းနော်ခမ်းဟာ အဲဒီ လေးနိုင်ငံ ဆုံရာ မဲခေါင် မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ ပြန်ပေးဆွဲ လုယက် တိုက်ခိုက်မှု စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ပြီး မြန်မာအစိုးရကလည်း အလိုရှိနေတာ ဖြစ်ကြောင်း၊ ဒါပေမယ့် တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား တရားခံ လွှဲပြောင်းပေးရေး အပြန်အလှန် သဘောတူထားချက် မရှိတာကြောင့် စိုင်းနော်ခမ်းကို မြန်မာနိုင်ငံမှာ ရုံးတင် စစ်ဆေးနိုင်ဖို့ ဆိုရင်တော့ နှစ်နိုင်ငံအကြား သတ်သတ် စဉ်းစားရမှာ ဖြစ်ကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းရေးရာ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်၊ သမ္မတ အကြံပေးအဖွဲ့ရဲ့ ဥပဒေရေးရာ လက်ရှိ အကြီးအကဲလည်း ဖြစ်တဲ့ ရဲမှူးကြီးဟောင်း ဦးစစ်အေးက ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။