BBC navigation

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ အဆင်သင့်

နောက်ဆုံး ရေးသားချိန် 25 စက်တင်ဘာလ 2012 - 01:25 GMT
bbc_fortwayne

ဖို့ဝိန်းမြို့ ကို ဒေါ်အောင်ဆန်းစုကြည် လာနေပြီ

အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ မြန်မာနိုင်ငံ က လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ လာရောက်နေထိုင်ကြတဲ့ မြို့ဖြစ်တဲ့ အတွက် မြန်မာ မြို့အသွင် ဆောင်နေတဲ့ အကြောင်း၊ မြန်မာတိုင်းရင်းသားတွေ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေ အများအပြား ရှိတဲ့ အကြောင်း ဘီဘီစီ မြန်မာဌာန မှ ဝိုင်းတော်သား ကိုဘမော် က ပြောပါတယ်။

ကင်တာကီ ပြည်နယ်က ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ မြို့ခံ တွေ အသင့်ဖြစ်နေရာမှာ လမ်းဘေးဝဲယာ မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုပ်ပုံ ကားချပ်တွေ စိုက်ထူ ချိတ်ဆွဲ ထားကြပါတယ်။

ဒီမနက်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ Allen County War Memorial Coliseum အားကစားရုံကြီးမှာ မြန်မာ အသိုင်းအဝိုင်းနဲ့ တွေ့ဖို့ စီစဉ်ရခြင်းမှာ အင်ဒီယားနား ပြည်နယ် အတွင်းရှိ မြန်မာ တိုင်းရင်းသားတွေ လာကြမှာ ဖြစ်တဲ့ အတွက် လူ တသောင်းကျော် ဆန့်တဲ့ နေရာ ကို အင်ဒီယားနား Purdue တက္ကသိုလ် က တာဝန်ယူ စီစဉ်ပေးကြောင်း ကြိုဆိုရေး နဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဒေါ်ခင်စန်းနွယ် က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး ကိုတော့ အမေရိကန် နိုင်ငံခြားရေးဌာန နဲ့ ပြည်တွင်းလုံခြုံရေး ဌာန တို့က တာဝန်ယူထား သလို မြန်မာ အသိုင်းအဝိုင်းကလည်း အကူအညီ ပေးပါတယ်။ မြို့ခံ လူထုမှာလည်း စိတ်စောတာနဲ့ အမျှ စိတ်လှုပ်ရှား နေကြပုံတွေ၊ ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်သလို တိုင်းရင်းသားအရေး လည်း အလေးအနက် ထားသူ ဖြစ်တဲ့ အတွက်၊ မြန်မာလူမျိုး တွေရော၊ တိုင်းရင်းသားတွေ ပါ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ရမှာကို ဝမ်းသာ ကြည်နူးနေကြပုံ ကို ကိုဘမော် က ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။