BBC navigation

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်ပွား

နောက်ဆုံး ရေးသားချိန် 25 စက်တင်ဘာလ 2012 - 16:23 GMT
kachin

စစ်ကြောင့် တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ များသထက်များ လာနေပါတယ်။

ကချင် ပြည်နယ်က ဖားကန့် မြို့နယ် အတွင်း မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၂ ရက်ကနေ ၂၄ ရက် နေ့အထိ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ပါတယ်။

တိုက်ပွဲ ဖြစ်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဖားကန့် ဒေသခံ တဦး ဖြစ်တဲ့ ဦးဒါရှီလာဆိုင်း ကို ဆက်သွယ် မေးကြည့်တဲ့ အခါ မှာတော့ အစိုးရ စစ်တပ်က တာမခန် ဘက်က ချီတက် လာတဲ့ အခါမှာ ကေအိုင်ကေ ဘက်က ကသိုဏ်းတောင်မှာ နေရာယူထား ခဲ့တဲ့ အကြောင်းနဲ့ အဲဒီမှာ နှစ်ဘက် ထိပ်တိုက် တွေ့ကြပြီး ပြေလည်မှု မရဘဲ တိုက်ပွဲတွေ ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

တိုက်ပွဲ အခြေအနေ တွေက ပြင်းထန်ပြီး နှစ်ဘက် အကျအဆုံး တွေရှိတဲ့ အကြောင်းလည်း ကြားသိရတယ်လို့ ဆိုပါတယ်။

အဲဒီအရပ်က ဒေသခံ ပြည်သူတွေ ကတော့ နှစ်ဘက် တပ်တွေ နီးလာကြချိန်မှာ ကြိုတင်ပြီး ရှောင်တိမ်းသွား ခဲ့ကြတဲ့ အကြောင်း၊ အဲဒီထဲက တချို့က တာမခန် ဘက်က ဘုန်းကြီးကျောင်း ထဲမှာ ခိုအောင်းနေကြတဲ့ အကြောင်းနဲ့ တချို့ကတော့ ဆိုင်းတောင်ရွာ ဘက်မှာ တိမ်းရှောင် နေကြတဲ့ အကြောင်း ပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ မှာတော့ တိုက်ပွဲ သံတွေ မကြားရဘဲ ငြိမ်သက် နေတဲ့ အကြောင်းနဲ့ ၂၄ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ နေရာနားက နတ်မော်ရွာက ရာနဲ့ချီပြီး ရှိတဲ့ ဒေသခံတွေဟာလည်း တိုက်ပွဲတွေ ငြိမ်နေစဉ် အခွင့်ကောင်းမှာ ထွက်ပြေး တိမ်းရှောင် နေကြတယ် လို့လည်း ပြောပြပါတယ်။

အစက ဖားကန့် ဒေသတဝိုက် တိုက်ပွဲသံ မကြားရပေမယ့် အခုမှ တိုက်ပွဲတွေ ဆက်နေတာဟာ အဲဒီ ဒေသကို ထိန်းချုပ်နိုင်ဖို့ အတွက် ကြိုးစား နေကြတဲ့ သဘောမျိုး သက်ရောက်နေတယ်လို့ ဆိုပါတယ်။

နှစ်ဘက် ငြိမ်းချမ်း ရေး အတွက် ဆွေးနွေးနေကြ၊ သမ္မတကိုယ်တိုင်က ထိုးစစ်တွေ ရပ်ဖို့ ညွှန်ကြား ထားပေမယ့်လည်း ထိုးစစ် တွေက အရှိန်မသတ် သေးပဲ ရှိနေ သေးတဲ့ အကြောင်းကို ပြောကြား သွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။