BBC navigation

ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ အိမ်တွေ မီးရှို့ခံရ

နောက်ဆုံး ရေးသားချိန် 30 စက်တင်ဘာလ 2012 - 15:41 GMT

ရာမူးမြို့ မှာ မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ဗုဒ္ဓစေတီတော်တွေထဲက တဆူ

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အခြမ်းမှာရှိတဲ့ ကော့စ်ဘဇားခရိုင်က ရာမူး ခေါ် ပန်းဝါမြို့ မှာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ် တချို့ စနေနေ့က မီးရှို့ခံရပြီး တဲ့နောက်မှာတနင်္ဂနွေနေ့ မနက်က စပြီး အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

မီးရှို့ တိုက်ခိုက်မူတွေကတော့ တနင်္ဂနွေနေ့ မနက်ပိုင်း အထိ ရာမူးမြို့ အနီးပတ်၀န်းကျင်မှာ ဖြစ်ပွားခဲ့ပါတယ်။

အခုအခါ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ စစ်တပ်နဲ့ ရဲအပါအ၀င် လုံခြုံရေး တပ်ဖွဲ့၀င်တွေကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာတွေမှာ ချထားလိုက်ပြီ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာတွေကို ပြည်ထဲရေး ဝန်ကြီးနဲ့ စက်မူ ဝန်ကြီးတို့ လာရောက် ကြည့်ရှုသွားကြောင်းနဲ့ ပုဒ်မ ၁၄၄ ထုတ်ပြီး လုံခြုံရေး အပြည့်ချထားကြောင်း၊ ဒါပေမယ့်လည်း အကြမ်းဖက်မှုတွေ နောက်ထပ် ဖြစ်ပွားလာမှာကိုတော့ ဒေသခံ ဗုဒ္ဓဘာသာ၀င်တွေက စိုးရိမ်နေကြတယ်လို့ ရာမူးမြို့က ရခိုင်အမျိုးသား လူကြီး တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

မူဆလင် ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းကို ဘရာဝါလို့ခေါ်တဲ့ မာရမာကြီး လူငယ် တစ်ဦးက မဖွယ်မရာ လုပ်ပြီး Facebook မှာ တင်ထားတာ အပေါ် မကျေနပ် လက်စားချေတဲ့အနေနဲ့ အခုလို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ အိမ်တွေကို တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်သူတွေဘက်က ပြောပါတယ်။

ဒါပေမယ့် သူတို့ရဲ့ စွပ်စွဲချက်ကိုတော့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

တိုက်ခိုက်မူကြောင့် ဘုန်းတော်ကြီး ၆ကျောင်းနဲ့ အိမ် ၆ ဆောင်ခန့် မီးရှို့ခံ ရတယ်လို့ သိရပါတယ်။

အိမ်ခြေ ၄၀ ခန့် ထိခိုက် ပျက်စီးခဲ့ပြီး ရခိုင်အိမ်တွေကိုတော့ ၀င်းထရံတွေ ဖြိုဖျက်ပစ်တာကလွဲပြီး ၀င်ရောက် တိုက်ခိုက်တာမျိုးတွေ မရှိဘူးလို့ အဲဒီ ရခိုင် အမျိုးသားကြီးက ပြောပါတယ်။

အခု တိုက်ခိုက်မူတွေ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ကော့စ်ဘဇားမြို့ အပါအ၀င် နယ်စပ် တလျှောက်မှာရှိတဲ့ ဗုဒ္ဓဘာသာ ကျေးရွာတွေမှာ လုံခြုံရေးတွေ တိုးမြှင့် ချထား လိုက်တယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။