BBC navigation

လက်ပံတောင်း စီမံကိန်း ရပ်ရေး ဦးဆောင်သူတွေကို တရားစွဲမယ်

နောက်ဆုံး ရေးသားချိန် 9 အောက်တိုဘာလ 2012 - 01:10 GMT

စီမံကိန်း ရပ်တန့်ရေး ရွာသားတွေ တောင်းဆို

မုံရွာတဖက်ကမ်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်း ကြေးနီစီမံကိန်း လုပ်ခွင့်ရတဲ့ ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီကနေ သူတို့စီမံကိန်း ရပ်တန့်ရေး ဦးဆောင်လှုပ်ရှားနေသူ ၁၆ ဦးကို တရားစွဲမယ် ဆိုတာကြောင့် ဒီစီမံကိန်းမှာ လယ်သိမ်းခံရတဲ့ ကျေးရွာ ၂၆ ရွာက လယ်သမား တထောင်ကျော် ကလည်း မနေ့ နေ့လည်ပိုင်းက ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီကို တန်ပြန် တရားစွဲဖို့ ရဲစခန်းမှာ တိုင်ကြား လိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်သိမ်းခံရတဲ့ ၀က်မှေး၊ ဆည်တဲ၊ ကန်တော မိုးကြိုပြင်စတဲ့ ရွာပေါင်း၂၆ရွာက လယ်သမား တထောင်ကျော်ဟာ သူတို့ လယ်မြေတွေ ပေါ်မှာ စွန့်ပစ် မြေစာပုံတာတွေ စီမံကိန်း အဆောက်အဦး ဆောက်တာ တွေကို အရေးယူပေးဖို့ ဆားလင်းကြီး ရဲစခန်းမှာ တိုင်ချက် ဖွင့်လိုက်တာဖြစ်ပါတယ်။

ရဲစခန်းမှာ တိုင်ကြားခဲ့တာနဲ့ ပတ်သက်ပြီးတော့ လယ်သမားအရေး ဦးဆောင်နေတဲ့ ၀က်မှေးရွာသူ မသွဲ့သွဲ့၀င်းကိုမေးကြည့်တော့ ရဲစခန်းမှာ တိုင်ကြားသူ ထောင်ကျော် နေတာကြောင့် စခန်းမှူးက တရွာကို သုံးယောက်ဘဲ ဦးဆောင် တိုင်ကြားစေပြီးတော့ ကျန်တဲ့ရွာခံတွေက ဝိုင်းဝန်း လက်မှတ်ထိုး တိုင်ကြားခိုင်းတယ်လို့ မသွဲ့သွဲ့၀င်း ကပြောပါတယ်။

ဒီအမှုတွေ လက်ခံ မခံ ဆိုတာ ကတော့ ဒီကနေ့ ညနေမှ ရဲစခန်းက ပြန်ပြီး အကြောင်းကြားပေးမယ်လို့ သိရပါတယ်။

ဒေသခံတွေဘက်က ဒီလက်ပံတောင်းတောင် စီမံကိန်းကြီးရပ်ဖို့ တောင်းဆိုနေချိန်မှာ ကုမ္ပဏီဘက်က အာဏာပိုင်တွေကို အသုံးချပြီး ဖိအားပေး လာတာတွေကြောင့် လယ်သိမ်းခံရတဲ့ ၂၆ရွာလုံးက တောင်သူတွေ တွေ့ဆုံ ဆွေးနွေးပြီးတော့ ရှေ့ဆက်လုပ်မယ့် အကြောင်းတွေလည်း ညှိနှိုင်း ခဲ့တယ်လို့ လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ရေး လှုပ်ရှားနေသူ မသွဲ့သွဲ့၀င်းကပြောပါတယ်။

ဒီစီမံကိန်းကို လုပ်ခွင့်ရထားတဲ့ ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္ပဏီ ဘက်ကလည်း ဒေသခံ လယ်သမားတွေဟာ လူစုလူဝေးနဲ့ ဥပဒေကို ဆန့်ကျင်ပြီးတော့ ကုမ္ပဏီကို ဂုဏ်သရေ ငြိုးနွမ်းအောင် အကြံနဲ့ ပြုမှု ဆောင်ရွက်နေတယ် ဆိုပြီးတော့ လက်ပံတောင်း လယ်သမားအရေး ဦးဆောင်သူ မသွဲ့သွဲ့၀င်း အပါအ၀င် ၁၆ ယောက်ကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။