BBC navigation

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှာ ပညာရေးဝန်ထမ်းတွေနဲ့တွေ့

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 01:04 GMT

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လည်းဖြစ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ မနေ့က ကော့မှူးမြို့နယ် အတွင်း က ပညာရေးမှူးအပါအဝင် ကျောင်းအုပ်ဆရာ ဆရာမကြီး စတဲ့ ပညာရေးဝန်ထမ်း တွေ နဲ့ ကော့မှူးမြို့ အထက်တန်းကျောင်းမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရည်ရွယ်ချက် ကတော့ သူ့ရဲ့မဲဆန္ဒနယ် အတွင်း က ပညာရေး အပါအဝင် လမ်းပန်းဆက်သွယ်ရေး ၊ ရေရရှိရေး ကိစ္စ တွေ အပေါ်သွားရောက်လေ့လာ တာလည်း ဖြစ်ပါတယ်။

ပညာရေး ဌာနဆိုင်ရာ ဝန်ထမ်းတွေ နဲ့ တွေ့ဆုံဖို့ သဘောတူ ကြပြီးကာမှ ကပ်ပြီး ခွင့်ပြုချက် မရတာမို့ တွေ့ဆုံပွဲ ဖျက်ရမလိုတောင် ဖြစ်ခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပညာရေးဝန်ကြီးနဲ့ ဆက်သွယ်ပြောဆိုပြီးတဲ့ နောက်ပိုင်းကျမှသာ ပညာရေးဝန်ထမ်း ဆရာ ဆရာမတို့နဲ့ တွေ့ဆုံနိုင်ခဲ့တယ်လို့ ကော့မှူး မြို့နယ် အန်အယ်ဒီက ဦးအေးသိန်း က ပြောပါတယ်။

အပေါ်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ပြောဆို ဆက်သွယ်မှုရှိပြီး အဆင်ပြေပေမယ့် အောက်မှာ ပြောင်းလဲမှုမရှိဘဲ အောက်ခြေဝန်ထမ်းတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ကြောက်ရွံ့နေကြဆဲလို့ ယူဆကြောင်း ဦးအေးသိန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းရာမှာ ပညာရေးဝန်ထမ်းတွေဘက်က မအောင်မနေရ ပညာရေးစံနစ်၊ ကျောင်းတွေ ပျက်စီးနေတာ ၊ထောက်ကူပစ္စည်း လို အပ်ချက် စတာတွေကို တချို့က ပြောကြပေမယ့် ပွင့်ပွင့်လင်းလင်း မပြောမဆိုရဲကြတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဆရာ ဆရာမတချို့ရဲ့ အပြောအရ အထက်က ညွှန်ကြားထားလို့ မပြောရဲကြတာလို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။