BBC navigation

ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 15:12 GMT
BG Kyaw Zaw

ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇော

မြန်မာ နိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှာ အဓိက ကျတဲ့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ အောက်တိုဘာလ ၁၀ ရက် ဗုဒ္ဓဟူးနေ့ မနက်က ကွယ်လွန် သွားခဲ့ ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့ ကဆေးရုံမှာ ဆေးကုသမှု ခံယူရင်း လူကြီးရောဂါနဲ့ ကွယ်လွန် သွားခဲ့ တာပါ။

သူ့ရဲ့ စျာပနကို အောက်တိုဘာလ ၁၁ ရက် ကြာသပတေးနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ မီးသင်္ဂြိုဟ် ပြီးတဲ့နောက် အရိုး ပြာကိုတော့ သိမ်းထားပြီး မြန်မာ့ နိုင်ငံရေး အခြေ အနေအပေါ် ကြည့်ပြီးမှ နောက်ပိုင်း ဘာလုပ်မယ် ဆိုတာကို ဆုံးဖြတ် သွားမယ်လို့ မိသားစုက ပြောပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ဖက်ဆစ် ဂျပန် တော်လှန်ရေးမှာ ဂျပန်နဲ့ အများဆုံး တိုက်ခိုက် ခဲ့ရတဲ့ စစ်တိုင်း ၄ ရဲ့ စစ်ရေး တာဝန်ခံ ဖြစ်ခဲ့ပြီး မြန်မာ့ တပ်မတော်မှာ တိုင်းမှူး ဗိုလ်မှူးချုပ် အဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ တရုတ်ဖြူ ကျူးကျော်မှုကို ကာကွယ်တဲ့ စစ်ပွဲတွေမှာ ဦးဆောင် ခဲ့သူ အဖြစ်လည်း ထင်ရှားခဲ့ ပါတယ်။

၁၉၇၆ ခုနှစ်မှာ တောခိုပြီး ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ ပူးပေါင်း ခဲ့ပြီး ဗဟို ကော်မတီနဲ့ ဗဟိုစစ် ကော်မရှင် တစ်ဦး အဖြစ် ဆောင်ရွက် ခဲ့သူလည်း ဖြစ်ပါတယ်။

သူကွယ်လွန်တဲ့ အတွက် ဗမာပြည် ကွန်မြူနစ် ပါတီက ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ထား ပါတယ်။

ဗမာပြည် ကွန်မြူနစ် ပါတီ ပြောရေး ဆိုခွင့်ရသူ ရဲဘော် ဖိုးသံချောင်းက သူ သိကျွမ်း ခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ အလွန် ရိုးသား ဖြောင့်မတ်ပြီး လေးစား စရာ ကောင်းတဲ့ ခေါင်းဆောင် တစ်ယောက်၊ အလုပ် ကြိုးစားသူ တစ်ယောက် ဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ဗမာပြည် ကွန်မြူနစ် ပါတီ ဘက်ကို ဘက်ပြောင်း သွားခဲ့တဲ့ မြန်မာ့ တပ်မတော် ထဲက အဆင့် အမြင့်ဆုံး တပ်မှူးကြီး တစ်ယောက် ဖြစ်ပါတယ်။

မြန်မာ့ တပ်မတော် အတွင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ လက်အောက်မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ အခု အန်အယ်လ်ဒီ ပါတီ နာယက ဖြစ်သူ ဦးတင်ဦးက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ အုပ်ချုပ်ရေးပိုင်း၊ စစ်ရေးပိုင်းမှာ သာမက တိုင်းရင်းသား တွေနဲ့ရော ပြည်သူ လူထုနဲ့ ဆက်ဆံရေးပိုင်းမှာပါ ကိုယ်ကျင့်တရား ဖြောင့်မတ်သူ အဖြစ် တပ်ထဲမှာ လေးစားခံရသူ ဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နိုင်ဖွယ် ရှိသူအဖြစ် အများက ယူဆနေကြချိန်မှာ ကွန်မြူနစ် ပါတီနဲ့ ဆက်သွယ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော် ကနေ ထုတ်ပယ် ခံလိုက်ရပြီ ဆိုတာ ကြားခဲ့ ကြရချိန်က တပ်မှူး ကြီးငယ်တွေ အတော် စိတ်ထိခိုက် ခဲ့ကြတယ်လို့ လည်းသူက ပြောပါတယ်။

နိုင်ငံရေး အရ အကွက်ချ လုပ်ဆောင်မှုကြောင့် သူ တပ်မတော်ကနေ ထွက်ခဲ့ရတာ ဖြစ်တယ်၊ စစ်သားကောင်း တစ်ယောက် ရဲ့ လုပ်ရပ်ကို ဖောက်ဖျက်ပြီး လုပ်သွားမယ့်သူ တစ်ယောက် မဟုတ်ဘူးလို့ သူ ယုံကြည်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။