BBC navigation

ကြံ့ခိုင်ရေးပါတီရဲ့ ပထမဆုံးညီလာခံ အကြိုဆွေးနွေး

နောက်ဆုံး ရေးသားချိန် 13 အောက်တိုဘာလ 2012 - 16:02 GMT
USDP Party Conference in Nay Pyi Taw union region

ဒီလဆန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ပြည်ထောင်စု နယ်မြေရဲ့ ညီလာခံ

မြန်မာနိုင်ငံက လက်ရှိ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပထမဆုံး ပါတီ ညီလာခံကို နေပြည်တော်မှာ တနင်္ဂနွေနေ့ကစလို့ သုံးရက်ကြာ ကျင်းပမှာ ဖြစ်ပြီး စနေနေ့မှာတော့ ကိုယ်စားလှယ်တွေဟာ အကြိုညှိနှိုင်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။

အကြိုဆွေးနွေးပွဲတွေမှာတော့ ပြည်နယ်နဲ့ တိုင်းတွေက တင်သွင်းလာတဲ့ စာတမ်းတွေထဲက ရွေးချယ်ခဲ့ကြပြီး အဲဒီ ရွေးထားတဲ့ စာတမ်းတွေကိုပဲ ညီလာခံအတွင်းမှာ ဆွေးနွေးမှာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ သာပေါင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောပါတယ်။

ဧရာဝတီ၊ စစ်ကိုင်း၊ မွန်နဲ့ ပြည်ထောင်စုနယ်မြေ တို့ ပေါင်းပြီး ဆွေးနွေးကြရာမှာတော့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ စာတမ်းကို ရွေးချယ်ဖြစ်ခဲ့ကြောင်း သူက ပြောပါတယ်။

အခု ညီလာခံမှာ ပါတီ ဥက္ကဌအသစ် ရွေးချယ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် အခုချိန်ထိ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

လက်ရှိ ဥက္ကဌက သမ္မတ ဦးသိန်းစိန် ဖြစ်ပြီး သူဟာ သမ္မတတာ၀န် ထမ်းဆောင်နေတဲ့အတွက် ပါတီ ဥက္ကဌတာဝန်ကို ရပ်ဆိုင်းထားရပါတယ်။ ဒါကြောင့် ပါတီ ဒုတိယ ဥက္ကဌဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပါတီ ဥက္ကဌ လုပ်ငန်းတွေကို လုပ်နေရကြောင်း ဦးဌေးဦးက မကြာခင်က ဘီဘီစီကို ပြောပါတယ်။

ပါတီ ဖွဲ့စည်းပုံအရ ဗဟိုကော်မတီဝင် ၁၅၀ နဲ့ အရံ ဗဟို ကော်မတီဝင် ၅၀ စုစုပေါင်း ၂၀၀ နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပေမယ့် အခုချိန်ထိ အပြည့်အဝ ဖွဲ့စည်းထားတာ မရှိသေးတဲ့အတွက် ဒီညီလာခံမှာ အပြည့်ဖွဲ့စည်းဖို့ အစီအစဉ်ရှိကြောင်းလည်း ဦးဌေးဦးက ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့ပေမယ့် ၂၀၁၂ ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။