BBC navigation

မြန်မာနဲ့ နီးကပ်စွာ လုပ်ကိုင်နေလို့ ကမ္ဘာ့ဘဏ်ပြော

နောက်ဆုံး ရေးသားချိန် 14 အောက်တိုဘာလ 2012 - 01:04 GMT
worldbank_president

ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်မ် ယောင်ကင်မ်


မြန်မာနိုင်ငံနဲ့ အတူလက်တွဲ လုပ်ကိုင်သွားတော့ မယ်လို့ ကမ္ဘာ့ဘဏ်က စနေနေ့မှာ ထုတ်ဖော် ပြောကြား လိုက်ပါပြီ။

မြန်မာ နိုင်ငံဟာ ကမ္ဘာ့ အလယ်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် အပယ်ခံ တိုင်းပြည် ဖြစ်လာခဲ့ရာ ကနေ အခုအခါမှာ ကမ္ဘာ့ဘဏ်က အတူ လက်တွဲ လုပ်ကိုင် သွားတော့ မယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ အိုင်အမ်အက်ဖ် တို့ဦးစီးကျင်းပတဲ့ နိုင်ငံတကာ ၀န်ကြီးအဆင့် ဖွံ့ဖြိုးရေး ညီလာခံမှာ အခုလို ပြောပြသွားတာဖြစ်ပါတယ်။

သတင်းထောက် တဦးက ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်မ်ယောင်ကင်မ် ကို မြန်မာနဲ့ ပတ်သက်ပြီး မေးရာမှာ သူက မြန်မာနိုင်ငံက အပြောင်းအလဲ တွေကို သူတို့ သိပ်အားရကြောင်း၊ ဒါပေမဲ့ မြန်မာ အစိုးရအနေနဲ့ အများကြီး ဆက်လုပ်ဖို့ လိုသေးတဲ့ အကြောင်းနဲ့၊ သူတို့ အနေနဲ့ မြန်မာအစိုးရ ဘက်က ပြုပြင် ပြောင်းလဲ ရေးတွေ ဆက်လုပ်ဖို့ ထောက်ခံ အားပေး နေတဲ့ အကြောင်းကို ပြောကြား သွားခဲ့ပါတယ်။

တချိန်တည်း မှာပဲ အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံကို ကမ္ဘာ့ ငွေချေးသူ မြီရှင်တွေ ဖြစ်ကြတဲ့ ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ အာရှ ဖွံ့ဖြိုးရေး ဘဏ် တို့လို အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး အပြည့်အဝ ပြန်လည် ထူထောင်နိုင်ဖို့ မီးစိမ်း ပြလိုက်ပြီး ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

မြန်မာနိုင်ငံကို ဒီလို ထောက်ခံ အားပေးလိုက်ခြင်း အားဖြင့် အာဆီယံတိုင်းပြည်တွေ ကိုလည်း နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ အားပေးရာ ရောက်အောင် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဆောင်ရွက် တာလို့ ဆိုပါတယ်။ ဒါကတော့ ရိုက်တာ ရုပ်မြင်သံကြားနဲ့ အမေရိကန် ပြည်ထောင်စု လက်ထောက် ဘဏ္ဍာရေး ဝန်ကြီး လေယယ် ဘရီးန် နာ့ဒ် တို့ တွေ့ဆုံ မေးမြန်းခန်းမှာ ထည့်သွင်း ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

မြန်မာကို ငွေမချေးဖို့ အမေရိကန် အစိုးရက ပိတ်ပင် တားမြစ်ထားတဲ့ ဥပဒေကနေ သမ္မတ အိုဘားမားအနေနဲ့ မြန်မာကို ကင်းလွတ် သက်သာခွင့် ပြုနိုင်မဲ့ ဥပဒေတရပ် ကိုလည်း အမေရိကန် ကွန်ဂရက်စ် လွှတ်တော်က ပြီးခဲ့တဲ့ လထဲမှာ ပြဌာန်းပေးခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန် အစိုးရရဲ့ ဒီလို ထောက်ခံချက်ကြောင့် မြီရှင်တွေနဲ့ ရွှေလမ်းငွေလမ်း ပွင့်သွားသလို အရင် ကြွေးရှင်ဟောင်းတွေဆီက အကြွေးတွေကို လျော်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်လာမှာ ဖြစ်ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာပဲ မြန်မာနိုင်ငံအပေါ်မှာ ကြွေးဟောင်း အများဆုံး ရစရာရှိနေတဲ့ ဂျပန်နိုင်ငံက သူ့အကြွေးတွေထဲက တော်တော်များကို လျော်တာ ဆိုင်းငံ့တာတွေလုပ်ခဲ့ပါတယ်။ မြန်မာက ဂျပန်ကို ပေးစရာရှိတဲ့ အကြွေး ယန်းငွေ ဘီလျံ ၅၀၀ အနက်က ယန်းငွေ ဘီလျံ ၃၀၀ ကိုလျော်လိုက်ပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဌ မစ္စတာ ဂျင်မ်ယောင် ကင်မ် ကလည်း ကြွေးဟောင်းပြဿနာကို အရင် ဖြေရှင်းမယ်လို့ ပြောပါတယ်။

အခု သူတို့ ကမ္ဘာ့ဘဏ်ဟာ မြန်မာနဲ့ နီးနီးကပ်ကပ် လက်တွဲ လုပ်ကိုင်နေတဲ့ အကြောင်း၊ အကြွေးဟောင်းတွေကို ဘယ်လိုရှင်းမလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ညှိနှိုင်း ဆောင်ရွက်နေကြောင်းပြောပါတယ်။ ၂၀၁၃ နှစ်ဦးပိုင်း ကာလတွေအတွင်းမှာ ကြွေးဟောင်း ပြဿနာကို ဖြေရှင်းနိုင်ပြီး ရှေ့ လုပ်ငန်း ဆက်လုပ်ဖို့ကို ဆောင်ရွက် ပါမယ်လို့ သူက ပြောကြာသွားပါတယ်။

ဒီတော့ ကမ္ဘာ့ဘဏ်နဲ့ ဆက်ဆံရေးပွင့်လာတာဟာ ချေးငွေလမ်းကြောင်းကြီးပွင့်လာ ပြီလို့ ယေဘုယျအားဖြင့် ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။