BBC navigation

မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရွာမီးရှို့မှုဖြစ်ပွား

နောက်ဆုံး ရေးသားချိန် 22 အောက်တိုဘာလ 2012 - 16:32 GMT
ရခိုင် ပြည်နယ်အတွင်း ယခင်က ဖြစ်ခဲ့တဲ့ မီးလောင်မှုမြင်ကွင်း

ရခိုင် ပြည်နယ်အတွင်း ယခင်ကဖြစ်ခဲ့တဲ့ မီးလောင်မှုမြင်ကွင်း

ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ မြောက်ဦး မြို့နယ်တွေက မွတ်ဆလင် ကျေးရွာအချို့မှာ မနေ့ညကစပြီး ဒီကနေ့ ညနေပိုင်းအထိ မီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။

အနည်းဆုံး ကျေးရွာ ၅ ခုမှာမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မင်းပြားမြို့နယ်၊ ပိုက်သည် ကျေးရွာမှာတော့ မနေ့ညက အိမ်ခြေ ၁၉ လုံးမီးလောင်သွားတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

မနက်ပိုင်းမှာတော့ သရက်အုပ်ရွာ မီးရှို့ခံရပါတယ်။ နေ့လယ်ပိုင်းမှာ မြောက်ဦးမြို့နယ်၊ ပုရိန်ရွာ မွတ်ဆလင်ရွာမီးရှို့ခံရလို့ ရွာသားတွေ တောတောင်ထဲကို ပုန်းအောင်နေရတယ်လို့ ရွာသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ဒါ့အပြင် မွန်းလွဲပိုင်းမှာတော့ မင်းပြားမြို့နယ်၊ အောင်ဒိုင်ကျေးရွာ မီးရှို့ခံရတဲ့သတင်းတွေရရှိပါတယ်။ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကတော့ ပိုက်သည်ရပ်မှာ မွတ်ဆလင် အချင်းချင်း စကားများရာက စတယ်လို့ဆိုပါတယ်။ အဲဒီရန်ဖြစ်တာကို ပတ်ဝန်းကျင် ကကြည့်နေတဲ့ ဦးစံသိန်းဆိုသူ လေးဂွနဲ့အပစ်ခံရာကနေ အော်ဟစ်အကူအညီတောင်းလို့ လူစုလူဝေး ဖြစ်လာပြီး ဓါတ်ဆီနဲ့မီးရှို့တာ ဖြစ်တယ်၊ မသင်္ကာသူ ရခိုင်လူမျိုးနှစ်ဦးကို ရဲကအလိုရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီကတဆင့် သရက်အုပ်ကျေးရွာ ပန်းမြောက် ကျေးရွာတွေမှာမီးရှို့မှု ဖြစ်ပွားပါတယ်။ ဒီသတင်းကြောင့် မင်းပြားနဲ့ မြောက်ဦးနယ်စပ် ပရိန်ကုန်းရွာမှာလည်း တဖက်နဲ့တဖက် မီးရှို့တိုက်ခိုက်ကြပါတယ်။ အဲဒီရွာမှာ ရခိုင်တယောက် မွတ်ဆလင် အမျိုးသမီး၂ယောက် သေဆုံးတယ်လို့ ဦးလှသိန်းက ဘီဘီစီကိုပြောပါတယ်။ ရခိုင်ပြည်နယ် အစိုးရထံရောက်လာတဲ့ သတင်းတွေအရ စုစုပေါင်း အိမ်ခြေ ၃၀၀ကျော် မီးလောင်တယ်လို့ဆိုပါတယ်။

အခုအခါ အိမ်ခြေအများအပြားမီးလောင်ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အခြေအနေရှုပ်ထွေးနေလို့ ဘယ်လောက် မီးလောင် ပျက်စီးတယ်ဆိုတာ အတိအကျ မပြောနိုင်ပါဘူး။

အရင်ကမင်းပြားနဲ့ မြောက်ဦးတို့မှာ ပုဒ်မ ၁၄၄ မထုတ်ထားပေမယ့် အခု မီးရှို့တိုက်ခိုက်မှုတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်မယ်လို့သိရပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ချတာ ဝန်ကြီးတွေကိုယ်တိုင်ကွင်းဆင်းကြီးကြပ်တာတွေ ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ဘီဘီစီကို ပြောသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။