BBC navigation

အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပ

နောက်ဆုံး ရေးသားချိန် 30 အောက်တိုဘာလ 2012 - 18:07 GMT
kio_peacetalk_shweli

မြန်မာအစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ ရွှေလီဆွေးနွေးပွဲ

ပြည်တွင်း ပြည်ပက ငြိမ်းချမ်းရေး လိုလား သူတွေ စောင့်ကြည့်နေတဲ့ မြန်မာအစိုးရ နဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို တရုတ်နိုင်ငံ ဖက်ခြမ်းက ရွှေလီ မြို့မှာ ကျင်းပ ပြုလုပ် ခဲ့ကြပါတယ်။

ဒီဆွေးနွေး ပွဲတွေကို နှစ်ရက်ကြာ ကျင်းပဖို့ စီစဉ် ထားခဲ့ ပေမယ့် နှစ်ဘက် စလုံးက စစ်ဘက် ဆိုင်ရာ ခေါင်းဆောင်တွေ တက်ရောက် လာခြင်း မရှိတဲ့ အတွက် တစ်ရက် ထဲနဲ့ ပြီးဆုံး သွားခဲ့ ပါတယ်။

ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကေအိုင်အို ဘက်က စစ်တပ် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် တက်ရောက် လာခြင်း မရှိတဲ့ အတွက်ကြောင့် မြန်မာ အစိုးရ ဘက်က တက်ရောက်မယ်လို့ စီစဉ် ထားခဲ့တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး လည်း မတက်ရောက်ခဲ့ ပါဘူး။

တိုက်ခိုက်ရေးနဲ့ စစ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ့် နှစ်ဘက် စစ်ဘက်ဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူတွေ မပါတဲ့ အတွက် အဓိက ဆွေးနွေးမယ်လို့ ရည်မှန်းထားတဲ့ တပ်တွေနေရာ ချထားရေး ကိစ္စ မဆွေးနွေး နိုင်ဘဲ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ရ တာဖြစ်ပါတယ်။ ။

ကေအိုင်အေ ထိန်းချုပ်တဲ့ နေရာ တချို့မှာ အစိုးရ ဘက်က ထိုးစစ်တွေ ဆင်နေတဲ့ အတွက် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် က စီစဉ် ဆောင်ရွက်နေရလို့ ဆွေးနွေးပွဲ မတက်နိုင်တာလို့ ကေအိုင်အို ဘက်က အကြောင်းပြ ပါတယ်။

မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ ကို ဦးဆောင်တဲ့ ဝန်ကြီး ဦးအောင်မင်း ကတော့ ကေအိုင်အို ဖက်က တောင်းဆိုတဲ့ အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲ တွေကို ဆက်လက် ပြုလုပ် သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ သလို၊ ပူတာအို ဘက်မှာ ဆန်ရှားပါးလို့ ဆန်ပို့နိုင်အောင် လမ်းတွေမှာ အပစ်အခတ် တွေမလုပ်ဖို့၊ တာပိန် ရေအား လျှပ်စစ် စက်ရုံမှာ အပျက်အစီးတွေ ပြုပြင်နိုင်ဖို့ တရုတ် နိုင်ငံ ဖက်က လူ ၅၀ လောက် လာရောက် ပြင်ဆင်နိုင်ရေးကို ကချင် ဘက်က ခွင့်ပြုဖို့ နဲ့ ဒုက္ခသည်များ ကိစ္စ ဆောင်ရွက် နိုင်ရေး အတွက် ကေအိုင်အေ ဖက်က စဉ်းစား ပေးဖို့ တွေကို တင်ပြ တောင်းဆိုခဲ့ပါတယ်။

နောက်လထဲမှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထပ်လုပ်ဖို့နဲ့ ဒီတခါ လုပ်ကြတဲ့ အခါမှာ မြန်မာ နိုင်ငံထဲမှာပဲ ကျင်းပ သွားဖို့ကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။