BBC navigation

ခြောက်နှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှုတိုး

နောက်ဆုံး ရေးသားချိန် 31 အောက်တိုဘာလ 2012 - 18:21 GMT
Poppy in Burma

မြန်မာပြည်က ဘိန်းခင်းတွေကတော့ လျှော့မသွားဘဲ ခြောက်နှစ်ဆက်တိုက် တိုးလာနေပါတယ်။

ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ခြောက်နှစ်ဆက်တိုက် မြင့်မားနေတယ်လို့ ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးရုံး UNODC က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဘိန်းစိုက်ပျိုးနေကျ နေရာတွေမှာ စိုက်ပျိုးမှုဟာ ၁၇ ရာခိုင်နှုန်း တက်လာတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်ခင်းတွေ အများဆုံးရှိတဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ ရှိနေဆဲ ဖြစ်တာမို့ အခုလို စိုက်ဧကတွေ မြင့်မားနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထောက်ပြဝေဖန်ထားပါတယ်။

တောင်သူတွေဟာ ရွေးချယ်စရာလမ်း မရှိလို့ အသက်မွေးဝမ်းကျောင်းအတွက် ပိုက်ဆံကောင်းကောင်းရတဲ့ ဘိန်းကိုပဲ စိုက်နေရတယ်လို့လည်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။ ဘိန်းဖြူအဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်တဲ့ ဘိန်းစိုက်ပျိုးမှုမှာ မြန်မာဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန်ပြီးရင် အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးလာတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ အပိုင်းနဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်အပိုင်း ဆိုပြီး နှစ်ပိုင်းခွဲပြောဖို့ လိုပါလိမ့်မယ်။ အခြေခံ အဆောက်အအုံ အပိုင်း ဆိုရာမှာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုကြောင့် တောင်သူတွေအနေနဲ့ ဘိန်းကလွဲလို့ တခြားသီးနှံ အစားထိုး စိုက်ပျိုးဖို့ ဆိုတာ သိပ်မလွယ်လှပါဘူး။ ဘိန်းစိုက်ပျိုးတဲ့ မြန်မာနဲ့ လာအိုနိုင်ငံတွေရဲ့ နေရာဒေသ အတော်များများမှာ စားနပ်ရိက္ခာ ပြဿနာ ကြုံနေရတာပါလို့ UNODC ရဲ့ တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် Gary Lewis က ပြောပါတယ်။

တချိန်ထဲမှာပဲ အဲဒီနေရာတွေမှာ နိုင်ငံရေးအရ မတည်မငြိမ် ဖြစ်မှုတွေနဲ့လည်း ကြုံနေရပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုရင် စားသောက်ကုန် စျေးနှုန်းတွေ တက်လာသလို ဘိန်းဖြူအများဆုံး ဝယ်ယူတဲ့ စျေးကွက်ကြီး ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ကပ်ရက်ရှိနေတာကလည်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးလာရတဲ့ အချက်တွေ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

တကယ်တမ်း ပြောရရင် ဒီပြဿနာကို လွယ်လွယ်နဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ၊ ၄၀ အတွင်း တခြား ကမ္ဘာ့နိုင်ငံ နေရာဒေသတွေမှာ မူးယစ်ဆေး ထိန်းချုပ်နိုင်တဲ့ အောင်မြင်မှုတွေ ရှိခဲ့တာ တွေ့ရမှာပါ။ ဥပမာ ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင် မူးယစ်ဆေး ထုတ်လုပ်မှု ထိန်းချုပ်နိုင်ဖို့ အချိန်အကြာကြီး ယူခဲ့ရသလို ငွေကြေးတွေလည်း အများအပြား သုံးခဲ့ရပါတယ်။ နိုင်ငံရေး အထောက်အကူတွေ ယူခဲ့ရသလို အခြေအနေတွေ ပြောင်းလဲသွားအောင် လူအတော်များများက အတော် အားစိုက် ကြိုးပမ်းခဲ့ကြ ရပါတယ်လို့ UNODC ရဲ့ တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ မူးယစ်ဆေး ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရကရော အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကပါ အာရုံစိုက် လုပ်ဆောင်လာတာ တွေ့ရတဲ့အတွက် အတော်လေး အားတက်ခဲ့ရ ပါတယ်။ပြီးခဲ့တဲ့ လပိုင်းကလည်း သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ ဘိန်းစိုက်ခင်းတွေ ရှိရာ အတော်များများကို သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ UNODC ဘက်ကလည်း အတူ ပူးပေါင်း ဆောင်ရွက်သွားဖို့ အသင့် ရှိနေပါတယ်လို့ Gary Lewis က ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။