BBC navigation

ဥရောပ ကော်မရှင်ဥက္ကဌ နေပြည်တော်ရောက်

နောက်ဆုံး ရေးသားချိန် 3 နိုဝင်ဘာလ 2012 - 01:58 GMT

ဥရောပ ကော်မရှင် ဥက္ကဌ မစ္စတာ ဘာရူဆို

ဥရောပ ကော်မရှင် ဥက္ကဌ ဟိုဆေး မင်ဝဲ ဘာရိုဆိုဟာ နေပြည်တော်ကို နိုဝင်ဘာ ၂ ရက်နေ့ နှောင်းပိုင်းမှာ ရောက်ရှိမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အများစုကို ရုတ်သိမ်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှတ်နှံဖို့ အခွင့်အလမ်းတွေကို ရရှိနိုင်အောင် ဥရောပသမဂ္ဂဟာ အမေရိကန် တရုတ်နဲ့ တခြားအာရှနိုင်ငံတွေနဲ့ အခု ပြိုင်ဆိုင်လာနေတာလို့ နေပြည်တော်ကို ရောက်နေတဲ့ ဘီဘီစီအရှေ့အာရှဆိုင်ရာ သတင်းထောက် ဂျိုနသန်ဟက်က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀စုနှစ်အတွင်း ဥရောပသမဂ္ဂရဲ့ မြန်မနိုင်ငံနဲ့ ကုန်သွယ်မှု၊ မြန်မာနိုင်ငံကို ထောက်ပံ့မှု စတာတွေဟာ တခြားအာရှနိုင်ငံတွေနဲ့ ကုန်သွယ်မှု ထောက်ပံမှု စတာတွေနဲ့ ယှဉ်ရင် မဖြစ်စလောက်ဘဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်စိုးစဉ်ကာလ ဖိနှိပ်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုလိုဘဲ ဥရောပသမဂ္ဂဝင်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် တင်းကြပ်တဲ့ ဒဏ်ခတ်ပိတ်ဆိုအရေးယူမှုတွေ လုပ်ထားခဲ့တာပါ။

ဒါတွေဟာ အခုတော့ ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။

အီးယူက လာနှစ်အတွင်း ဖွံ့ဖြိုးရေးအထောက်အကူအဖြစ် ဒေါ်လာ သန်း ၂၀၀ လောက် ထောက်ပံ့ကူညီမယ်လို့ ကမ်းလှမ်းနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ထောက်ပံခဲ့တဲ့ ငွေပမာဏ နီးပါးလောက်ဖြစ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံနဲ့ကုန်သွယ်ရာမှာ တခြား ဝင်ငွေနည်းတဲ့ နိုင်ငံတွေ ရရှိခံစားနေသလို ကုန်သွယ်ရေး အထူးအခွင့်အရေးတွေ ပေးမယ်လို့လည်း အီးယူက ကမ်းလှမ်းနေပါတယ်။

မြန်မာနိုင်ငံမှာ ကာလကြာရှည်ဖြစ်နေတဲ့ အစိုးရနဲ့ တိုင်းရင်းသား လူနည်းစုတွေကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရေးမှာ အထောက်အကူဖြစ်စေဖို့ ငြိမ်းချမ်းရေးဌာန Peace Centre အသစ်တခုအတွက်လည်း အီးယူက ရံပုံငွေ ပံ့ပိုးထောက်ပံခဲ့ပါတယ်။

ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာအတွက် မြန်မာသမ္မတ ဦးသိန်းစိန်အပေါ် အီးယူရဲ့ ချီးကျူးပြောဆိုနေမှုတွေဟာ လောလောဆယ် ရခိုင်ပြည်နယ်မှာ ပြန်ဖြစ်လာနေတဲ့ အကြမ်းဖက်မှုတွေကြောင့် စိုးရိမ်မှုတွေက ထိခိုက်စေနိုင်ပါတယ်။

မစ္စတာ ဘာရူဆိုဟာ ဒီလို ခွဲခြားဆက်ဆံ ခံရမှုတွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေကို ပြောဆိုကန့်ကွက်မယ့် ပုံရှိတယ်လို့ ဆိုပါတယ်။

သူဟာ ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ အဲဒီလို သူ့ရဲ့ သဘောထားအမြင်တွေကို ဦးသိန်းစိန်နဲ့ တွေ့စဉ်တင်မက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရာမှာလည်း ပြောဆိုလိမ့်မယ်လို့ ယူဆကြောင်း ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟက်က သတင်းလွှာ ရေးသားထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။