BBC navigation

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယမှာ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့မယ်

နောက်ဆုံး ရေးသားချိန် 12 နိုဝင်ဘာလ 2012 - 22:42 GMT
Aung San Suu Kyi

အိန္ဒိယကို ထွက်ခွာသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၂ က ရန်ကုန်လေဆိပ်မှာ တွေ့ရတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူငယ်စဉ်အခါက ကောလိပ်ကျောင်းသူအဖြစ် ပညာသင်ကြားခဲ့ရာ အိန္ဒိယနိုင်ငံကို မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ဆုံဖို့ ပြန်လည်လာရောက်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လက်ရှိ အာဏာရပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီရဲ့ ဥက္ကဌ မစ္စစ် ဆိုနီယာဂန္ဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို ငါးရက်ကြာ လည်ပတ်မယ့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ဟာ သူနဲ့ အိန္ဒိယနိုင်ငံကြား နိုင်ငံရေး အစပ်အဟပ်ကို တည့်မတ်အောင် လုပ်ဖို့ အခွင့်အရေးကောင်းပဲလို့ ဘီဘီစီ သတင်းထောက် ဂျေးလ် မဂ္ဂါဘရင်က သုံးသပ်ပါတယ်။

ခရီးစဉ်တွင်းမှာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို အိန္ဒိယ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ခေါင်းဆောင်ကြီးတဦး ဖြစ်ခဲ့ပြီး၊ သူ့ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့လည်း ရင်းနှီးသူဖြစ်တဲ့ နေရူးအမှတ်တရ ဟောပြောပွဲမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

Aung San Suu Kyi and Mr. Singh

ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ လွန်ခဲ့တဲ့ ခြောက်လတုန်းကတော့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။

ပြည်သူ့လွှတ်တော် ကော့မှူးအမတ်လည်းဖြစ်၊ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးလို့ ခေါ်ဆိုကြတဲ့ အိန္ဒိယနိုင်ငံရဲ့ ပါလီမန်ကိုလည်း သွားရောက် လေ့လာဦးမှာ ဖြစ်ပါတယ်။

အိန္ဒိယခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူငယ်စဉ်က ကောလိပ်မှာ နိုင်ငံရေးပညာ သင်ယူခဲ့တဲ့ လေဒီရှာရီရမ် ကောလိပ်ကျောင်းကိုလည်း သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာ မြန်မာ့ပထမဆုံး အမျိုးသမီးသံအမတ်ကြီးအဖြစ် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလမှာ အိန္ဒိယဟာ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဘက် အားပေးထောက်ခံခဲ့သလို၊ စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် အိန္ဒိယနယ်ဘက် ထွက်ပြေးကြတဲ့ ကျောင်းသားတွေနဲ့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှား ဆောင်ရွက်သူတွေကိုလည်း ကူညီအားပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်းမှာ အိန္ဒိယခေါင်းဆောင်တွေက လက်တွေ့ကျတဲ့ အရှေ့မျှော် စီးပွားရေးအခြေတည် မူဝါဒချမှတ်ပြီးနောက်မှာ စစ်အစိုးရခေါင်းဆောင်တွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းဖက်ဆက်ဆံလို့ အလုပ်ဖြစ်ရေးဘက် ချဉ်းကပ်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါဟာ မြန်မာကိုကပ်ပြီး လွှမ်းမိုးဖို့ ကြိုးစားနေတဲ့ တရုတ်ကို တန်ပြန်ဖို့ မဟာဗျူဟာပြောင်းလဲခဲ့တာလို့လည်း အကဲခတ်တချို့က သုံးသပ်ခဲ့ကြပါတယ်။

မျက်မှောက်မြန်မာ့နိုင်ငံရေးကလည်း ကမ္ဘာ့နိုင်ငံရေးဂုရုကြီးတွေ ချီးပကြရတဲ့အထိ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်စဆိုတော့ မြန်မာ့အပြောင်းအလဲထဲ ကမ္ဘာ့နိုင်ငံတွေနည်းတူ ပါဝင်လို့ အိန္ဒိယဟာ နောက်မကျန် နေစေရေး ကြိုးပမ်းရတော့မှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ စတင်လိုက်တဲ့ ခရီးစဉ်အတွက် အိန္ဒိယအစိုးရနဲ့ အာဏာရပါတီတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပန်းကုံးတွေ ကမ်းလို့ စွပ်လို့ နွေးနွေးထွေးထွေး ကြိုဖို့ပဲရှိပါတယ်လို့ ဘီဘီစီသတင်းထောက် ဂျေးလ် မဂ္ဂါဘရင်က သုံးသပ်ထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။