BBC navigation

ရွှေလုပ်သားတွေ က အဆမတန် တောင်းဆိုတယ်လို့ ကုမ္ပဏီပြော

နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2012 - 16:18 GMT
Gold

ရွှေတူးဖော်ရေး လုပ်ဆောင်ရာမှာ နစ်နာမှုတွေ ရှိတယ်လို့ မိုးထိမိုးမိ အလုပ် သမားတွေပြော

မပြေလည် သေးတဲ့ မိုးထိ မိုးမိ ရွှေတွင်း လုပ်သားတွေနဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ကြား ဖြစ်နေတဲ့ ပြဿနာမှာ အလုပ်သမားတွေ ဘက်က ဆက်လက် တောင်းဆို နေကြတုန်း ဖြစ် ပါတယ်။

အလုပ် သမားတွေ မူလက တောင်းဆိုခဲ့တဲ့ အချက် ၆ ချက်ကို လိုက်လျောမယ် ဆိုတာ ကုမ္ပဏီက စာနဲ့ တရားဝင် ပြောခဲ့ပြီး ဖြစ်တဲ့ အပြင် လိုက်နာမှု ရှိမရှိ စစ်ဆေးဖို့ သတ္တုတွင်း ဝန်ကြီး ဌာနနဲ့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့ တို့က ဖွဲ့စည်း ပေးထားတဲ့ စိစစ်ရေး အဖွဲ့ လည်း ရှိပြီးသား ဖြစ်လို့ သူတို့ ဘက်က မလိုက်နာလို့ မရဘူး လို့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်က ပြောပါတယ်။

တကယ်တန်းမှာ အခု ချိန်ထိ နစ်နာကြေး မရ သေးဘူးလို့ တောင်းဆို နေကြသူတချို့ဟာ တကယ်တန်း ရပိုင်ခွင့် မရှိတာကို တောင်းဆို နေတာသာ ဖြစ်တယ်၊ ကုမ္ပဏီ အနေနဲ့က နစ်နာကြေး တွေကို တွက်ချက်ပြီး ကျပ်ငွေ သိန်း သုံးထောင် ကျော် ပေးခဲ့ ပြီးသား ဖြစ်ပေမဲ့ မတန် တဆ လိုချင် ကြသူ တချို့က ဆက်လက် တောင်းဆို နေကြတာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

အလုပ် သမားတွေက မူလ တောင်းဆိုချက်တွေ အပြင် နောက်ထပ် အသစ်တွေကိုလည်း တောင်းဆို ခဲ့ကြ တယ်လို့ ဦးစိုးထွန်းရှိန်က ပြောပါတယ်။

အဲဒီထဲက ရွှေတူးဖော်ရေး လုပ်ကိုင်တဲ့ နေရာမှာ ရှိတဲ့ ကုမ္ပဏီ ဝန်ထမ်းတွေက ရွှေတွင်း လုပ်သား တွေ အပေါ် မတရား အနိုင်ကျင့် တာတွေ ရှိခဲ့ရင် ကုမ္ပဏီက အရေး ယူဖို့ ဆိုတဲ့ တောင်းဆိုချက်မှာ သက်ဆိုင်ရာ ရဲတွေကို တိုင်ကြား ဖို့ ကုမ္ပဏီ ဘက်က ပြောခဲ့ တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အင်းတွေကို အင်းတွေကို အလုပ်သမားတွေ လိုချင်တဲ့ နေရာမှာ ဖောက်လုပ်ခွင့်နဲ့ စျေးဆိုင် တွေကို ဘယ်နေရာမှာ မဆို ရောင်းချခွင့် ပေးဖို့ ဆိုတဲ့ နောက်ထပ် တောင်းဆိုချက်တွေ ကိုတော့ ကုမ္ပဏီ ဘက်က လိုက်လျောလို့ မရ နိုင်ဘူးလို့ ဦးစိုးထွန်းရှိန်က ပြောပါတယ်။

ရန်ကုန်ကနေ နေပြည်တော်ကို လမ်းလျှောက် ချီတက် လာကြတဲ့ မိုးထိ မိုးမိ ရွှေတွင်း လုပ်သားတွေ နဲ့ တနိုင် တပိုင် လုပ်ငန်းရှင် တွေဟာ ရှေ့ကို ခရီး မဆက်နိုင်ဘဲ ရေနီမြို့က အောင်မင်္ဂလာ သီရ ဘုန်းတော်ကြီး ကျောင်းမှာပဲ ရှိနေ ခဲ့ကြပြီး နိုဝင်ဘာလ ၂၆ ရက် တနင်္လာနေ့ ညပိုင်းက သတ္တုတွင်း ဝန်ကြီး ဌာန ဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တိုင်း အဆင့် အာဏာပိုင်တွေ က အလုပ်သမား တွေကို သွားရောက် ညှိနှိုင်း ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။