BBC navigation

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်မှာ လူမှောင်ခိုကူးမှု များလာ

နောက်ဆုံး ရေးသားချိန် 28 နိုဝင်ဘာလ 2012 - 18:34 GMT
Rohingya

ဒုက္ခသည် စခန်းတွင်း က ရိုဟင်ဂျာ မွတ်ဆလင် တွေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကနေ ပင်လယ်ဖြတ်ပြီး မလေးရှား ဒါမှမဟုတ် ထိုင်းနိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားသူတွေ များလာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ် အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းက ဒုက္ခသည်စခန်းတွေ မှာ လူမှောင်ခိုကူးမှု လုပ်ငန်းတွေ အတော် တွင်ကျယ်လာနေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ခိုးဝင် ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေ ထောင်သောင်းချီရှိနေရာမှာ မကြာသေးခင်က ရခိုင်ဒေသမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အဲဒီ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် အရေအတွက် သိသိသာသာ ပိုများလာခဲ့ပြီး မလေးရှား ဒါမှမဟုတ် ထိုင်းနိုင်ငံထဲ လှေနဲ့ ခိုးဝင် သူတွေလည်း ပိုများ လာခဲ့တယ်လို့ ဘန်ကောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Phil Robertson က ပြောပါတယ်။

အဲဒီလူတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ဝန်ထုတ်ဝန်ပိုးအဖြစ် ယူဆပြီး လက်မခံတဲ့အတွက် တခြားနိုင်ငံထဲ ခိုးဝင်ဖို့ က လွဲလို့ ရွေးစရာနည်း မရှိဘူးလို့ လည်း ဆိုပါတယ်။

အဲဒီလို လူမှောင်ခိုလှေနဲ့ ပင်လယ်ဖြတ်ပြီး မလေးရှားနိုင်ငံ ဘက်အသွား ပင်လယ်ထဲ လှေမှောက်ပြီး ပျောက်ဆုံး နေသူတွေထဲမှာ မြန်မာနိုင်ငံ ရခိုင်ဒေသကနေ ထွက်ပြေးလာတဲ့ ကလေး ၃ယောက် မိခင် ရိုဟင်ဂျာ မွတ်ဆလင် အမျိုးသမီး ဆာမီရာ ဘီဂန်ရဲ့ ခင်ပွန်းသည် လည်း အပါအဝင်ဖြစ်ပါတယ်။

ဒီလောက် အန္တရာယ်များတဲ့ ခရီးကို မသွားဖို့ ခင်ပွန်းသည်ကို အတန်တန် တားခဲ့ပေမယ့် ကလေးတွေရဲ့ ရှေ့ရေးအတွက် ပိုက်ဆံရှာရမယ်၊ နောက်၃နှစ်ကြာရင် ငွေထုပ်ပိုက်ပြီး ပြန်လာမယ်ဆိုပြီး ထွက်သွားတာ အခုသေလား ရှင်လား မသိရတဲ့ အခြေအနေ ရောက်ခဲ့တာပါပဲ လို့ ဆာမီရာ က ဘီဘီစီ ကို ပြောပြပါတယ်။

ဒါပေမယ့်လည်း အခုလို ပင်လယ်ဖြတ်ပြီး တခြားနိုင်ငံတွေထဲ ခိုးဝင်ဖို့ ကြိုးစားသူတွေဟာ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေချည်း မဟုတ်ပဲ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တခြားနေရာဒေသ ကနေ ပြည်ပထွက် အလုပ်ရှာလိုတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လူမျိုးတွေ လည်း ပါဝင်ပြီး လူမှောင်ခိုကူးသူတွေရဲ့ အကူအညီ နဲ့ ပင်လယ်ကို ဖြတ်ဖို့ ကြိုးစားကြတာ ဖြစ်တယ်လို့ တက်ကနက်ဖ် မြို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် က ဒုတိယ ဗိုလ်မှူးကြီး ဇာဟဒ် ဟက်ဆန်က ဘီဘီစီကိုပြောပါတယ်။


အဲဒီလို ပင်လယ်ဖြတ်ပြီး မလေးရှား ဒါမှမဟုတ် ထိုင်းနိုင်ငံကိုပို့ပေးဖို့အတွက် လူမှောင်ခိုကူးသူတွေက လူတယောက်ကို ဒေါ်လာ တထောင်လောက် ယူတယ်လို့ ဆိုပါတယ်။

သွားချင်တဲ့ နိုင်ငံတွေဆီ ရောက်ဖို့ လမ်းမှာ ၁၀ရက် ကနေ ၁၂ရက်လောက် ကြာတတ်ပါတယ်။


အများဆုံး သွားလေ့ရှိတဲ့အချိန်ကတော့ ပင်လယ်ဒီရေငြိမ်တဲ့ အချိန် အောက်တိုဘာလကနေ မတ်လအတွင်း ဖြစ်ပါတယ်။

အမည် မဖေါ်လိုတဲ့ လူမှောင်ခိုကူးသူတယောက် က ပင်လယ်ထဲမှာ လှေမှောက်ပြီး လူတွေ အသက်ဆုံးကြတာ စိတ်မကောင်းပါဘူး၊ ကျနော့်အနေနဲ့က ဒီအလုပ်ကို မလုပ်ချင်ပဲ လုပ်နေရတာပါ၊ တခြားနိုင်ငံတွေဆီ ပို့ပေးဖို့ လူတွေက ကျနော့်ကို တောင်းတောင်းပန်ပန် နဲ့ လာပြောကြလို့ လုပ်ပေးရတာပါ၊ ကျနော်က သူတို့ကို သစ်သား လှေသမ္ဗန် နဲ့ ပင်လယ်ထဲကို ပို့ပေးရပါတယ်၊ ပင်လယ်ထဲ ရောက်တဲ့အခါ ဒါ့ထက်ကြီးတဲ့ လှေသမ္ဗန်ကြီး တွေပေါ် လွှဲပေးပါတယ်၊ ဒါပေမယ့် လှေမှောက်တဲ့ အဖြစ်ဆိုးမျိုး နဲ့ ကြုံတဲ့အခါမှာတော့ ကျန်ရစ်သူ မိသားစုဆီ သွားအကြောင်းကြားရပါတယ်၊ ဘုရားအလိုတော်ပဲ လို့ ဖြောင်းဖျ ပြောရလေ့ရှိပါတယ်၊ တခြားအလုပ်များ ရမယ် ဆိုရင် ဒီအလုပ်ကိုချက်ချင်းစွန့်လိုက်ချင်ပါတယ် လို့ ပြောပါတယ်။


ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ အခုလို လူမှောင်ခိုမှုတွေကို သူတို့အနေနဲ့ အစွမ်းကုန်တားဆီး လုပ်ဆောင်နေတယ်လို့ ပြောပြီး ကင်းလှည့် စောင့်ကြပ်မှုတွေ ရှိနေပေမယ့် လူမှောင်ခိုတင်တဲ့ လှေသမ္ဗာန်တွေ က သီတင်းပတ်တိုင်း လိုလို ထွက်ခွာသွားနေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။