BBC navigation

ကုလအရေးပေါ် ကူညီရေးမှူး မြန်မာပြည်လေ့လာ

နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2012 - 03:13 GMT
kachin

ပဋိပက္ခ ဖြစ်နေတဲ့ လူမျိုးစု နယ်မြေတွေ သွားမယ်

ကုလသမဂ္ဂ လူမှု ကူညီရေး ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ် ညှိနှိုင်းရေးမှူး Valerie Amos မြန်မာနိုင်ငံက လူမှု ကယ်ဆယ်ရေး လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို ကိုယ်တိုင် လေ့လာ နိုင်ဖို့ ၄ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၃ ရက်နေ့ ညက ရောက်ရှိ လာပါတယ်။

သူ့ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့် ထားသလို အလှူရှင် နိုင်ငံတွေနဲ့ လူမှု ကူညီရေး မိတ်ဆွေ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိ ပါတယ်။

Valerie Amos ဟာ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်နဲ့ ကချင်ဒေသ တွေကို သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ UNOCHA လူမှု ကူဆယ်ရေး ညှိနှိုင်းရေးရုံး ပြန်ကြားရေး တာဝန်ခံ Steward Davies က ဘီဘီစီကို ပြောပြပါတယ်။

ဒီဒေသတွေကို သွားမယ့် အကြောင်းရင်းက လောလောဆယ် ဒီဒေသ နှစ်ခုလုံးရဲ့ လူမှု ကယ်ဆယ်ရေး အခြေအနေတွေ အတော် ဆိုးဝါးနေလို့ ဖြစ်ပါတယ်။

ရခိုင် ပဋိပက္ခ တွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသူ ဒုက္ခသည် စုစုပေါင်း ၁၁၅,ဝဝဝ လောက် ရှိနေသလို ကချင်ဒေသနဲ့ ရှမ်းပြည် မြောက်ပိုင်း မှာလည်း တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသူ ဒုက္ခသည် ၇၅,ဝဝဝ လောက် ရှိနေပါတယ်။

ဒါ့ကြောင့် Valerie Amos အဲဒီနေရာတွေကို ကိုယ်တိုင်သွားပြီး အဲဒီမှာ လူမှု ကူညီရေး တွေ ဆောင်ရွက်နေတဲ့ မိတ်ဖက် အဖွဲ့အစည်း တွေနဲ့ရော၊ ဒုက္ခသည် တွေနဲ့ပါ ကိုယ်တိုင်တွေ့ဆုံပြီး လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်အောင် လေ့လာ အကဲခတ်ဖို့ စီစဉ်ထားတယ်လို့ Steward Davies က ပြောပါတယ်။

UNOCHA အဖွဲ့ကြီးက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ သူတွေအတွက် အကူအညီငွေ ဒေါ်လာ ၅သန်း ၃သိန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ရက်နေ့ကပဲ ပေးအပ်ခဲ့တာပါ။

မူလ ဖြစ်ပွားခဲ့တဲ့ ဇူလိုင် လ ပဋိပက္ခတွေ အရ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ ၈ဝ,ဝဝဝ အတွက် အကူအညီ ဒေါ်လာ ၃၂ သန်း လိုအပ်မယ်လို့ ခန့်မှန်း ထားပေမယ့် အောက်တိုဘာ လက ထပ်ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးသူ နောက်ထပ် ၃၆,ဝဝဝ လောက် ထပ်တိုးလာလို့ လိုအပ်တဲ့ အကူအညီငွေ ပမာဏကို ၆၇ သန်း အထိ တိုးမြှင့် ခန့်မှန်းခဲ့ရပါတယ်။

Valerie Amos ဟာ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ လာမယ့် သောကြာနေ့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။