BBC navigation

လက်ပံတောင်း သံဃာတွေကို အစိုးရ တောင်းပန်မယ်

နောက်ဆုံး ရေးသားချိန် 14 ဒီဇင်ဘာလ 2012 - 21:36 GMT

ဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ အဖွဲ့က သွားရောက် တောင်းပန် မယ်လို့ သိရပါတယ်

လက်ပံတောင်း သပိတ် စခန်းတွေကို အင်အားသုံး ဖြိုခွဲ ခဲ့လို့ ဒဏ်ရာ ရတဲ့ သံဃာတော်တွေကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ အဖွဲ့က သွားရောက် တောင်းပန် မယ်လို့ သိရပါတယ်။

မန္တလေးမှာ ရှိတဲ့ သံဃာတော်တွေ ဆီကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဦးကိုကိုကြီးက တဆင့် အကြောင်းကြား လာတယ်လို့ ဆန္ဒပြပွဲ တွေကို ဦးဆောင်သူ တစ်ဦး ဖြစ်တဲ့ ဘဝ အလင်း ဆရာတော် ဦးသောဘိတက ဘီဘီစီကို ပြောပါတယ်။

သံဃာတော်တွေ ဘက်ကလည်း သူတို့ ဘက်က တောင်းဆိုချက် တွေကို ဦးကိုကိုကြီးက တဆင့် ပြန်လည်း အကြောင်းပြန်ခဲ့ ပါတယ်။

ဒဏ်ရာရ ခဲ့တဲ့ သံဃာတွေနဲ့ ဆန္ဒပြ သံဃာတွေ ဘက်ကလည်း နိုင်ငံတော် အစိုးရ ကိုယ်စား တောင်းပန် ပါတယ် ဆိုတဲ့ အသုံး အနှုန်း သုံးပေးရင် လက်ခံ မယ်လို့ သဘောတူ လိုက်ကြကြောင်း ဆရာတော်က မိန့်ပါတယ်။

နောက်ပြီး သာသနာရေး ဝန်ကြီးက ဆရာတော်ကြီးတွေကို လျှောက်ထား တုန်းက ပြောခဲ့ သလို သံဃာထုရဲ့ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေတဲ့ စကားလုံးတွေ မပါဝင် ဖို့လည်း တောင်း ဆိုကြောင်း ဦးသောဘိတက ပြောပါတယ်။

မန္တလေးက အတု မရှိကျောင်းမှာ စနေနေ့ နေ့လည် ၁ နာရီခွဲမှာ သမ္မတရုံး ဝန်ကြီးနဲ့ အဖွဲ့ လာရောက်ဖို့ ပြောထားပြီး မီးလောင် ဒဏ်ရာကြောင်း မကြွနိုင်တဲ့ သံဃာတော်တွေ ကိုတော့ ဆေးရုံမှာ သွားရောက် တောင်းပန်ဖို့ ပြောထားကြောင်း ဆရာတော်က ဆိုပါတယ်။

သံဃာတချို့ ကတော့ အစိုးရဘက်က ဒီလောက် အဆင့်နဲ့ လာတောင်းပန်မှာကို မကျေနပ် ကြသေးပေမယ့် ဆေးရုံမှာ ရှိတဲ့ သံဃာ အများစု ကတော့ လက်ခံ ကြတယ်လို့ ဆရာတော် ဦးသောဘိတက မိန့်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။