BBC navigation

အဲပုဂံ လေယာဉ် ပျက်ကျမှု သတင်းစာ ရှင်းပွဲ

နောက်ဆုံး ရေးသားချိန် 26 ဒီဇင်ဘာလ 2012 - 22:18 GMT

အဲပုဂံ လေယာဉ် ပျက်ကျတုန်းက ပုံ

ပြီးခဲ့တဲ့ ခရစ်စမတ်နေ့ တုန်းက ဟဲဟိုးလေဆိပ်ကို အဆင်း ပျက်ကျခဲ့တဲ့ အဲပုဂံလေယာဉ်နဲ့ ပတ်သက်ပြီး၊ အဲပုဂံ လေကြောင်းလိုင်းက ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ပြုလုပ်ခဲ့ပါတယ်။

အဲပုဂံကတော့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘေးအန္တရာယ် လုံခြုံရေး အတွက် နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီ လိုအပ်တဲ့ ၀န်ထမ်း လေကျင့်မှုတွေ၊ လေယာဉ် ကြံ့ခိုင်ရေးတွေ၊ သက်ဆိုင်ရာ မှတ်တမ်း မှတ်ရာတွေကို ပြည့်စုံအောင် ဆောင်ရွက်ထားတဲ့ အကြောင်း လေကြောင်းလိုင်းရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဦးထူးထက်ထွေး ဦးဆောင်ပြီး၊ အင်ဂျင်နီယာပိုင်း၊ ပျံသန်းမှုအပိုင်း တွေမှာ တာ၀န်ရှိသူတွေက ရှင်းလင်းခဲ့ကြပါတယ်။

ဒါ့အပြင် အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ လေယာဉ်မယ်တဦးဖြစ်သူ မခိုင်စုနိုင်ကလည်း လေယာဉ် ပျက်ကျပြီးတဲ့နောက်မှာ နိုင်ငံတကာ သတ်မှတ်တဲ့ စံနှုန်း အတိုင်း တမိနစ်ခွဲအတွင်း လူအားလုံးကို ရအောင် ကယ်ထုတ်ခဲ့တယ်လို့ ပြောပြပါတယ်။

အဲဒီလို ကယ်ထုတ်ခဲ့ပေမယ့် လူအားလုံး ဘယ်နှစ်ယောက်ကို ကယ်ခဲ့တယ် ဆိုတာတော့ ချက်ချင်း မရေတွက်နိုင်ခဲ့ဘူး လို့ သူက ပြောပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို လေယာဉ် ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ နိုင်ငံခြား ခရီးသည်တွေ တချို့လည်း တက်ရောက်ခဲ့ ကြပါတယ်။

သူတို့ရဲ့အမြင်နဲ့ အတွေ့အကြုံတွေကို မေးကြည့်တဲ့ အခါမှာတော့ လေယာဉ် မြေကြီးနဲ့ ဆောင့်မိတဲ့အခါကျမှ သိလိုက်တယ်လို့ ပြောကြတဲ့သူတွေ များပါတယ်။

လေယာဉ် အမှုထမ်းတွေဟာ တည်တည် ငြိမ်ငြိမ်နဲ့ သူတို့လုပ်စရာရှိတာကို လုပ်ခဲ့ကြတယ်လို့ ပြောတဲ့သူလည်း ရှိသလို ဘာကြောင့် လေယာဉ်ပျက်ကျတယ် ဆိုတာကိုတော့ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြပါဘူး။

အဲဒီထဲက ခရီးသည်တဦးဖြစ်တဲ့ ဂျာမနီက ပရော်ဖက်ဆာတာအိုပစ် က သူကိုယ်တိုင်လည်း လေယာဉ်ပိုက်လော့ လုပ်ခဲ့ဘူးပါတယ်တဲ့၊ သူ့အမြင် ပြောရရင် ပထမဆုံးတော့ ဒါဟာ လေယာဉ်ကွင်းက ထိမ်းသိမ်းသူတွေရဲ့ အမှားပါ ၊ ဘာကြောင့်လဲ ဆိုတော့ အဲဒီအချိန်မှာ လေယာဉ်ကွင်းကို နေရောင်အောင်မှာ မြင်နေရပြီး ကွင်းရဲ့ တစိတ်တပိုင်းကိုဘဲ တိမ်ဖုံးခဲ့တာပါလို့ ဆိုပါတယ်။

အဲဒီဖက်က ဆင်းရင် ဘေးကင်းရဲ့သားနဲ့ လေကြောင်း ထိမ်းသိမ်းသူတွေက တခြားဖက်က ဆင်းခိုင်းခဲ့တာလို့ သူ့အမြင်ကိုပြောပါတယ်။

အဲပုဂံဖက်ကတော့ သူတို့မှာ ပုံမှန်ဆောင်ရွက်ရတဲ့ IFR ဆိုတဲ့ အစီအစဉ်တွေ အတိုင်း ကွင်းဆင်းဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

ဒီအချိန်မှာတော့ ဘယ်သူ့ အမှားဆိုတာ ပြောဖို့ ခက်ပြီး စုံစမ်း စစ်ဆေးရေး အဖွဲ့ကတော့ black box လို့ခေါ်တဲ့ လေယာဉ် ခရီးစဉ် မှတ်တမ်း အသံသွင်းတဲ့ ကိရိယာကို စင်ကာပူမှာ ပေးပို့ စစ်ဆေးတာ အပါအ၀င် လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို လုပ်နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။