BBC navigation

လာဘ်ပေး လာဘ်ယူ တို့ရန်သူ

နောက်ဆုံး ရေးသားချိန် 9 ဇန်နဝါရီလ 2013 - 18:01 GMT
sai mauk kham

ဒုသမ္မတ ခေါင်းဆောင်တဲ့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မတီဖွဲ့

မြန်မာအစိုးရဟာ သန့်ရှင်းတဲ့ အစိုးရ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ဖို့ လိုအပ်ကြောင်း ပြီးခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က ထပ်လောင်း ပြောကြားခဲ့ပြီးနောက် ဒီနေ့ သတင်းစာတွေထဲမှာတော့ ဒုတိယ သမ္မတ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားပါတယ်။

ကော်မတီ အဖွဲ့ဝင်တွေထဲမှာ သမ္မတရုံးဝန်ကြီးတွေနဲ့ အတူ ပြည်ထောင်စုရှေ့နေချုပ်နဲ့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် တို့လည်း ပါဝင်ပါတယ်။

လာဘ်ပေး လာဘ်ယူမှုနဲ့ အကျင့်ပျက်မှုဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ စွဲမြဲလာခဲ့တဲ့ အကျင့်ဆိုးကြီး တခုဖြစ်ပါတယ်။

ဒီလို နှစ်ပေါင်းရှည်ကြာ စွဲမြဲလာတဲ့ အကျင့်တခုကို တိုက်ဖျက်ဖို့ အတွက် လွတ်လပ်သူတွေ မပါဝင်ဘဲ သမ္မတ ခန့်ထားတဲ့ ရာထူးတွေကိုသာ ရယူထားသူတွေရဲ့ အဖွဲ့အစည်းက ဘယ်လောက် ဆောင်ရွက်နိုင်မလဲ။

ရှေ့နေ ဦးသိန်းညွန့်ကတော့ လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်မယ့်သူတွေဟာ ကိုယ်တိုင်က သန့်ရှင်းစင်ကြယ်မှု ရှိဖို့လိုတယ်လို့ ဆိုပါတယ်။

ဦးသိန်းညွန့်ဟာ လာဘ်စားမှု တိုက်ဖျက်ရေး ဥပဒေကို လွှတ်တော်မှာ ဥပဒေကြမ်း တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။

အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့လည်း လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမတ်တဦးက အဆိုတင်သွင်းခဲ့ ပေမဲ့ အခြေခံဥပဒေကို ကျော်လွန်ရာ ရောက်တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။

ကိုယ့်ပိုင်ဆိုင်မှုကို မကြေညာနိုင်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီကို အများပြည်သူက ယုံကြည်လေးစားမှု ရှိပါ့မလားဆိုတာကိုတော့ မေးခွန်းထုတ်စရာဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေရင်တော့ ကော်မတီ အပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှု ပျက်ပြားနိုင်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။