BBC navigation

အစိုးရ ကချင်ထိုးစစ်ရပ်ဖို့ UNFC ဖိအားပေး

နောက်ဆုံး ရေးသားချိန် 11 ဇန်နဝါရီလ 2013 - 01:24 GMT
kio

အပစ်ဆက်ရင် ဆက်ဆွေးနွေးမှာ မဟုတ်

အစိုးရဘက်က ထိုးစစ် မရပ်ဘဲ ကေအိုင်အေကို ဆက်တိုက်မယ်ဆိုရင် ကချင်တပ် အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား၁၁ ဖွဲ့နဲ့ ဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ငြိမ်းချမ်းရေး လုပ်ထားတဲ့ အဖွဲ့တွေကပါ ဆက်လုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရပ်ထားမယ့်ထိ လုပ်သွားဖို့ရှိတယ် ဆိုပြီး UNFC က ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ၄ ရက်ကြာ ကျင်းပခဲ့တဲ့ UNFC ရဲ့ ၂၀၁၂ ခုနှစ် နှစ်ပတ်လည် ကောင်စီ အစည်းအဝေးမှာ သဘောတူ ချမှတ်ခဲ့တာဖြစ်ပါတယ်။

UNFC ရဲ့ နှစ်ပတ်လည် အစည်းအဝေးက ရရှိတဲ့ ရှေ့လုပ်ငန်းစဉ် အရ UNFC အဖွဲ့၀င်တခုချင်းတွေဟာ အစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူထားသလို တဖက်မှာလည်း UNFC အဖွဲ့၀င် တဖွဲ့ချင်းအနေနဲ့ကော UNFC တခုလုံး အနေနဲ့ပါ အစိုးရရဲ့ ကေအိုင်အေအပေါ် ထိုးစစ်ဆင်နေတဲ့ လုပ်ရပ်ကို ရပ်တန့်ပေးဖို့ အတူတကွ ဆက်လက်တောင်းဆိုဖို့ သဘောတူ ဆုံးဖြတ် ခဲ့ကြတယ်လို့ အစည်းအဝေး အပြီးမှာ လုပ်တဲ့ UNFC ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီလအတွင်း UNFC နဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုယ်စားလှယ် အစိုးရ ဝန်ကြီးဌာနက ဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ နိုင်ငံရေးဆွေးနွေးပွဲ အကြို ညှိနှိုင်းရာမှာ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ မဆွေးနွေးဘဲ ကချင်အပေါ် ထိုးစစ်ဆင်နေမှုနဲ့ ပတ်သက်ပြီး အစားထိုး ဆွေးနွေးသွားမယ်။ ကချင်ပြည်နယ် တွင်း တိုက်ပွဲတွေ ရပ်တန့်ဖို့ ဦးအောင်မင်းကို တောင်းဆိုသွားမှာဖြစ်ပြီး တကယ်လို့ UNFC တောင်းဆိုချက်ကို အစိုးရဘက်က လျစ်လျူရှူပြီး ကချင်အပေါ်ကို ဆက်ပြီး တိုက်ခိုက် နေသေးရင် UNFC အဖွဲ့၀င်တွေ အနေနဲ့ အစိုးရနဲ့ ဆွေးနွေးဖို့ ပြန်လည် သုံးသပ်ရမယ်လို့ UNFC အတွင်းရေးမှူး နိုင်ဟံသာ ပြောပါတယ်။

အစိုးရအနေနဲ့ UNFC အဖွဲ့၀င်တချို့တွေနဲ့ ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေး လုပ်ထားပေမယ့် တဘက်မှာ ကေအိုင်အေကို ဖိတိုက်နေတာကို UNFC အနေနဲ့ မကျေမနပ် ဖြစ်မိတယ်လို့ ဆိုပါတယ်။ ဒါဟာ အစိုးရဘက်က ရိုးသားမှုမရှိတာကို ပြပြီး တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အခွင့်အရေးကို မပေးချင်လို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ရှောင်နေသလို ဖြစ်နေတာကို မြင်ရတယ်။ ဒါပေမယ့် ဒီလုပ်ရပ်ကြောင့် အစိုးရနဲ့ ဆွေးနွေးဖို့ ရပ်ဆိုင်းတဲ့ ထိ ဖြစ်လာမရင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့ ပိုအလှမ်းဝေး သွားမှာ စိုးလို့ အခုချိန်ထိ UNFC အနေနဲ့ တတ်နိုင်သလောက် အစိုးရနဲ့ နိုင်ငံရေး တွေ့ဆုံနိုင်ဖို့ ကြိုးစားစီစဉ် သွားမှာဖြစ်ပြီး ကချင်ရေးကိုလည်း ထည့်သွင်းဆွေးနွေး သွားမယ်လို့ နိုင်ဟံသာက ဆိုပါတယ်။

ကချင် စစ်ပွဲတွေ ရပ်စဲဖို့ ၊ တိုင်းရင်းသားတွေ လိုလားတောင့်တတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်လာဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအပါအ၀င် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဖိအားပေးတိုက်တွန်းစေချင်တယ်။ အစိုးရကို ဖိအားပေးနိုင်စွမ်း ရှိတဲ့ အမေရိကန်၊ အီးယူ နိုင်ငံတွေ နဲ့ ဂျပန်နိုင်ငံလို နိုင်ငံမျိုးတွေက ကြားဝင်ညှိနှိုင်း ဖိအားပေးစေချင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ကချင်အရေးမှာ သူဝင်မပြောတာ အစိုးရက တောင်းဆိုမှုမရှိလို့ ဆိုတာကတော့ သူက အစိုးရနဲ့ စစ်တပ်ကို သိမ်းသွင်း စည်းရုံးတဲ့ လမ်းကြောင်းပေါ် ရောက်နေပြီး တဘက်မှာလဲ တိုင်းရင်းသား တွေရဲ့ ဒုက္ခတွေကို နားမလည်နိုင်လို့ ဖြစ်နိုင်တယ်လို့ နိုင်ဟံသာက အဲဒီသတင်းစာရှင်းလင်းပွဲမှာ သုံးသပ်ပြောဆိုပါတယ်။

UNFC အနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုလုပ်မယ်ဆိုရင် လွတ်လပ် တန်းတူတဲ့ ၊ နိုင်ငံတကာက စောင့်ကြည့်တဲ့အနေအထားအောက်မှာ ပြုလုပ်ချင်တယ်။ ဒါမှ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။