BBC navigation

ကရင်ပြည်နယ်မှာ အမေရိကန် သံအမတ် ရောက်ရှိနေ

နောက်ဆုံး ရေးသားချိန် 11 ဇန်နဝါရီလ 2013 - 16:38 GMT

မကြာသေးခင်ကလည်း အမေရိကန် သံအမတ် ကချင် ပြည်နယ်ကို သွားရောက်ခဲ့

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Derek Mitchellဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို သောကြာနေ့ကစပြီး ၃ ရက်ကြာ သွားရောက်လေ့လာမှာဖြစ်ပါတယ်။

အမေရိကန် သံအမတ် Derek Mitchell နဲ့အဖွဲ့ဟာ သောကြာနေ့မှာ ကရင်ပြည်နယ် မြို့တော် ဘားအံမြို့ကို ရောက်ရှိနေပြီး ကရင်ပြည်နယ်အစိုးရ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံမှာပါ။

ညဦးပိုင်းမှာ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းတို့နဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး နောက်ဆုံးအခြေအနေ၊ ဒုက္ခသည် အရေးတွေကို ဆွေးနွေးကြမယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စနေနေ့မှာတော့ ဘားအံမြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ကစို ကျေးရွာမှာ ကရင် နှစ်ကူးပွဲကို အတူ တက်ရောက်ကြမှာဖြစ်ပြီး ပါတီ အသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

NLD ကရင်ပြည်နယ် တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့်နဲ့ မနက် ၁ဝ နာရီမှာ တွေ့ဆုံဖို့ရှိပါတယ်။

နောက်နေ့မှာတော့ မွန်ပြည်နယ်ကို သွားပြီး မွန်ပြည်သစ်ပါတီနဲ့ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို မွန်ပြည်နယ် အစိုးရနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

အရှေ့တောင် တိုင်းမှူးနဲ့ အမေရိကန် သံအမတ် တွေ့မယ် မတွေ့ဘူး ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

အမေရိကန် သံအမတ် Derek Mitchellဟာ မကြာခင်သေးခင်က ကချင်ပြည်နယ် က အခြေအနေကို သွားရောက် လေ့လာခဲ့ပြီး အခုအခါ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို သွားရောက်လေ့လာတာဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။