BBC navigation

ဥပဒေအထက်ကလွှတ်တော် ဒေါက်တာဆိတ်ဖွားနဲ့ စုံစမ်းစစ်ဆေးရေး

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 17:09 GMT

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင် (ပြည်သူ့လွှတ်တော်ဓါတ်ပုံ )

ဥပဒေအထက်မှာ လွှတ်တော်ရှိတယ်ဆိုပြီး ဒေါက်တာဆိတ်ဖွားအမည်နဲ့ အင်တာနက်မှာရေးတဲ့ ဝေဖန်မှုအပေါ် ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ပြည်သူ့လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိုးရင်က ပြည်တောင်စုလွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့တာကို လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

အခုလိုလွှတ်တော်က ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ဖြစ်လာရတဲ့ အကြောင်းခံကတော့ ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ ဖွဲ့စည်းပုံခုံရုံး ဥပဒေမူကြမ်းနဲ့ ပြည်ထေင်စု စာရင်းစစ်ချုပ် ဥပဒေမူကြမ်းတွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မကိုက်ညီလို့ ပြည်ထောင်းစု လွှတ်တော်က ပြန်လည် ပြင်ဆင်ပေးဖို့ သမ္မတက မှတ်ချက်ပေးတာကို ပြည်သူ့လွှတ်တော်က မပြင်တော့ဘဲ နဂိုအတိုင်း မဲအများစုနဲ့ အတည်ပြုခဲ့တယ်။

ဒါကို ဒေါက်တာဆိတ်ဖွားဆိုသူက ဥပဒေအထက်မှာ လွှတ်တော်ရှိနေတယ်ဆိုပြီး အင်တာနက်မှာ ဆောင်ပါးရေးသားပါတယ်။ ဒီရေးသားချက်ဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာစိုးရင်က အဆိုတာကို ပြည်ထောင်စုလွှတ်တော်က မဲအများစုနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဝေဖန်တာကို လက်ခံပေမယ့် ဝေဖန်တဲ့အခါ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မစော်ကားဖို့ အသိပေးလိုတာကြောင့် အခုလို အဆိုပြုခဲ့တာလို့ အဆိုရှင် ဒေါက်တာစိုးရင်က ပြောပါတယ်။

ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား ဆိုတဲ့ အသုံးအနှုန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်တော်ဥက္ကဌနဲ့ အပေါင်းအပါများဆိုတဲ့ သုံးနှုန်းမှုတွေဟာ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ဖြြစ်တယ်လို့ စူက ပြောပါတယ်။

ဒေါက်တာဆိတ်ဖွားဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိပေးပေမယ့် သူ့ဆောင်ပါးတွေကို အစိုးရနဲ့ပတ်သက်တဲ့ ဂျာနယ်မှာ ဖေါ်ပြဘူးတာကြောင့် နောက်ကွယ်မှာ နိုင်ငံရေး အကြောင်းခံတွေရှိနေတယ်လို့ ယူဆရပါတယ်။

ဘာဘဲဘဲဖြစ် လွှတ်တော်ရဲ့ဆုံးဖြတ်ချက်က ပြင်းထန်လွန်းတယ်လို့ စာနယ်ဇင်းကောင်းစီ ဒုတိယဥက္ကဌ ဦးသီဟစောက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ အစိုးရနဲ့ လွှတ်တော်ကြားမှာ ထိပ်တိုက်တင်းမာ မှုတွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး အခုနှစ်မှာတော့ ဒါဟာ ပထမအကြိမ် တွေ့ရတဲ့ တင်းမာမှုလို့ ပြောနိုင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။