BBC navigation

ရန်ကုန်-သံတွဲ ဘတ်စ်ကား တိမ်းမှောက်

နောက်ဆုံး ရေးသားချိန် 23 ဇန်နဝါရီလ 2013 - 16:41 GMT

ရန်ကုန်-သံတွဲ လမ်းမှာ မကြာခဏဆိုသလို ကားမတော်တဆမှုတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ နံနက်စောစောက ရန်ကုန်ကနေ သံတွဲကို ခရီးသည် ၄၀ ကျော်ကို တင်ဆောင်ပြီး မောင်းနှင်လာတဲ့ အောင်သစ္စာ ဘတ်စ်ကားဟာ ဗုဒ္ဓဟူး နံနက် ၃ နာရီခွဲခန့်က တောင်ကုတ်မြို့မှ ခုနှစ်မိုင် အကွာ ရခိုင်ရိုးမ နေပူတောင်ကြောမှာ ဘရိတ်ပေါက်ပြီး တောင်ပေါ်ကနေ ချောက်ထဲကို ထိုးကျ တိမ်းမှောက် သွားတဲ့ အတွက် ခရီးသည် ၁၄ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေး တစ်ဦးတို့ ဖြစ်ပြီး ရဟန်းတော် (၃)ပါး အပါအ၀င် လူပေါင်း ၃၃ ဦးကတော့ ဒဏ်ရာ ရရှိသွားတဲ့ အတွက် တောင်ကုတ် ဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်းနဲ့ အဲဒီအထဲက သုံးဦးကတော့ ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ ကယ်ဆယ်ရေး သွားလုပ်ခဲ့တဲ့ တောင်ကုတ် ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တောင်ကုတ် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်များနေတယ်လို့ ပြောဆိုကာ ပြောကြားဖို့ ငြင်းဆိုပါတယ်။

ဒီ ရန်ကုန်- တောင်ကုတ်- သံတွဲလမ်း ဟာ ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး ဖေါက်လုပ် ထားတာကြောင့် မတ်စောက်ပြီး အကွေ့အကောက်များတဲ့ အတွက် မကြာခဏ ဆိုသလို ကားမတော်တဆမူတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ် ဇွန်လ (၁) ရက်နေ့ကလည်း သံတွဲကနေ တောင်ကုတ်ကို မောင်နှင် လာတဲ့ ကားတစ်စီး ကားမတော်တဆ တိမ်းမှောက်ရာ ကနေ ခရီးသည် ၈ ဦးသေဆုံးသွားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။