BBC navigation

ဘိန်းအစားထိုး ဖွံ့ဖြိုးရေး မြန်မာ-ထိုင်း ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2013 - 01:37 GMT
opium_poppies_burma

မြန်မာပြည်မှာ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးတွေ လုပ်ဖို့ ထိုင်းပံ့ပိုးမယ်

တာချီလိပ် နဲ့ မိုင်းဆပ် မြို့နယ်တွေအတွင်း ကျေးရွာ ၃၂ ရွာမှာ ဘိန်း အစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်း အတွက် ထိုင်းနဲ့မြန်မာ တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအတွက် စီမံကိန်း ရုံးခန်းကို တာချီလိပ် မြို့မှာ ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

စီမံကိန်းမှာ ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနရဲ့ ထိုင်းဘတ်ငွေ သန်း ၃၅ဝ (အမေရိကန်ဒေါ် နဲ့ဆိုရင် ခန့်မှန်းခြေ ၁၂ သန်းနီးပါး)ကို အသုံးပြု သွားမှာ ဖြစ်ပါတယ်။

ဘိန်းအစားထိုးသီးနှံနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို ၆ နှစ်စီမံကိန်းအဖြစ် တာချီလိပ် မြို့နယ်နဲ့ မိုင်းဆတ် မြို့နယ်က လူဦးရေ တစ်သောင်းခွဲ လောက်ရှိတဲ့ ကျေးရွာ ၃၂ ရွာမှာ ပြုလုပ်မှာဖြစ်ပါတယ်။

အဲ့ဒီ စီမံကိန်း အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန က ဒုတိယ အတွင်းရေးမှူး စူခုမ် အိုဖတ်နိဖတ် ဦးဆောင်တဲ့ အဖွဲ့နဲ့ ရဲချုပ် ကျော်ကျော်ထွန်း ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ချင်းရိုင်းခရိုင်၊ မဲ့ဖါ့လွမ်းမြို့မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြ ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာန၊ ဒုတိယ အတွင်းရေးမှူး စူခုမ် အိုဖတ်နိဖတ်က ရုံးခန်းဖွင့်ပြီး လုပ်ဆောင်နေ တဲ့အကြောင်း ထိုင်းဘုရင့် စီမံကိန်း မဲ့ဖါ့လွမ် ဖေါင်ဒေးရှင်းက အကောင်အထည်ဖေါ် ဆောင်ရွက် သွားမှာ ဖြစ်သလို မြန်မာအစိုးရဘက်လည်း နွေးနွေးထွေးထွေးပူးပေါင်း ဆောင်ရွက်တယ်လို့ ပြောကြား သွားပါတယ်။

ထိုင်းဘတ်ငွေ သန်း ၃၅ဝ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာနဲ့ ၁၂သန်း )နီးပါရှိတဲ့ ၆ နှစ် စီမံကိန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေရရှိရေး စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေလည်း လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ဘိန်းစိုက်ခင်းတွေ ပပျောက်အောင် ထိုင်းဘုရင့် မဲ့ဖါ့လွမ် ဖေါင်ဒေးရှင်းက အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီး အခုအချိန်အထိ ဖွံ့ဖြိုးရေးတွေ လုပ်နေတုန်းဖြစ်တယ်။

မြန်မာဘက်ခြမ်း ဘိန်းအစားထိုး သီးနှံစီမံကိန်းက ထွက်တဲ့ သီးနှံတွေကိုလည်း မဲ့ဖါ့လွမ်ဖေါင်းဒေရှင်းက စျေးကွက်မှာ ဖြန့်ပေးမှာ ဖြစ်ပါတယ်။

မြန်မာဘက်ခြမ်းက မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက် လာနေတာဟာ ထိုင်းနိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့ကျအောင် ထိုင်း မူးယစ်ဆေး တိုက်ဖျက်ရေး ဌာနရဲ့ ကြိုးပမ်းချက် တရပ်ဖြစ် ပါတယ်။

အခု စီမံချက် အောင်မြင်မယ် ဆိုရင် တခြားနေရာတွေမှာလည်း ဆက်လက် လုပ်ဆောင် သွားဖို့ ရှိတယ်လို့ ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနက ဒုတိယအတွင်းရေးမှူး စူခုမ် အိုဖတ်နိဖတ်က ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။