BBC navigation

တိုက်ပွဲတွေကြောင့် လိုင်ဇာမြို့မှာ လူသူ ကင်းမဲ့

နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2013 - 16:23 GMT

သောက်သုံးရေနဲ့ အိမ်သာ မလုံလောက်မှုတွေ ကြောင့် ဒုက္ခသည်စခန်းတွေမှာ ကလေးငယ် အတော်များများ ဝမ်းရောဂါဖြစ်

ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIO/ KIA ကချင်လွတ်လပ်ရေး တပ်မတော်အကြား အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှုတွေ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေချိန်မှာ လိုင်ဇာမြို့နား မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

လိုင်ဇာမြို့နားမှာ သောကြာနေ့တနေ့လုံး သေနတ်ကြီးနဲ့ ပစ်ခတ်သံတွေ ကြားနေရပြီး ရှေ့တန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ လိုင်ဇာမြို့ခံ ကိုလရစ်က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လိုင်ဇာမြို့ပေါ် ဗုံးနှစ်လုံး ကျခဲ့တာကြောင့် မြို့ခံအတော်များများ တရုတ် မြန်မာနယ်စပ်က နေရာလွတ်တွေဆီ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသလို တချို့လည်း ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေး ခိုလှုံခဲ့ကြတယ်လို့ ဆိုပါတယ်။

လိုင်ဇာမြို့မှာ လာရောက် စီးပွားရေး လုပ်နေတဲ့ တရုတ်လူမျိုးတွေလည်း နေရပ် တရုတ်ပြည်ကို ပြန်ကုန်ကြတဲ့အတွက် ဆိုင်တွေ၊ စျေးတွေ ပိတ်ကုန်ပြီး မြို့တမြို့လုံး တိတ်ဆိတ် ငြိမ်သက်နေတယ်လို့ ပြောပါတယ်။

အခု လတ်တလော ထပ်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် စခန်းတွေမှာ လာရောက်ခိုလှုံသူတွေ အဆမတန် များလာပြီး သောက်သုံးရေ ပြတ်လပ်မှု၊ အိမ်သာ မလုံလောက်မှုတွေကြောင့် ကလေးငယ် အတော်များများ ဝမ်းရောဂါတွေ ဖြစ်ပွားနေတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။

သောကြာနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာတော့ ကချင်ဒေသအရေးနဲ့ ပတ်သက်လို့ နှစ်ဘက် ယုံကြည်လေးစားတဲ့ တတိယ အင်အားစု အဖွဲ့တဖွဲ့က ကြားဝင် ဆောင်ရွက်ပေးဖို့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဦး ခတ်ထိန်နန်က အဆိုပြု တင်သွင်းခဲ့ရာမှာ လွှတ်တော်အမတ်တွေက မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။