BBC navigation

စီမံကိန်းကြောင့် သီလဝါက ခြံပိုင်ရှင်တွေ အခက်ကြုံ

နောက်ဆုံး ရေးသားချိန် 6 ဖေဖေါ်ဝါရီလ 2013 - 16:32 GMT
Thilawa, Burma

သီလဝါ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း

သီလဝါ အထူး စီးပွားရေးဇုန် အဖြစ် သတ်မှတ် ထားတဲ့ နယ်မြေ အတွင်း မှာ ရှိတဲ့ လယ်မြေနဲ့ ဥယျာဉ် ခြံမြေတွေ ကို မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ ၁၄ ရက် အတွင်း ဖယ်ပေးဖို့ စာတွေ လိုက်ကပ် နေတာကြောင့် မြေပိုင်ရှင်နဲ့ တောင်သူတွေ စိုးရိမ် နေကြ ပါတယ်။

ဖယ်ပေး ရမယ် ဆိုတဲ့ မြေယာတွေ ထဲမှာ အစိုးရက အရင် ကတည်းက သိမ်းထားတဲ့ မြေတွေမှာ ဆက်လက် လုပ်ကိုင် နေကြသူတွေ ပါသလို၊ အစိုးရကို မြေခွန် ပေးဆောင် နေတဲ့ ဥယျာဉ် ခြံမြေ တွေလည်း ပါ၀င်ပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ဆင့်စာတွေ လိုက်ကပ် ခဲ့တာ ဖြစ်ပြီး၊ မြေယာ တန်ဖိုး အလျော် ပေးဖို့နဲ့ ပတ်သက်လို့တော့ တစုံတရာ ညှိနှိုင်း ပြောဆိုတာမျိုး မရှိခဲ့ဘူးလို့ သိရ ပါတယ်။

သီလဝါ အထူး စီးပွားရေးဇုံ လမ်းမကြီး ဘေးမှာ ငါးဧက နီးပါး ကျယ်တဲ့ သရက်ခြံ ပိုင်ရှင် ဦးခင်မောင်ဝင်းက သူ့ရဲ့ ခြံမြေ တစ်ဧကကို ကျပ်သိန်း ၁၂၀၀ ပေးမယ် ဆိုပြီး ကမ်းလှမ်းတဲ့သူ ရှိလာတဲ့ အချိန်မှာ အခု လို မြေယာ ဆုံးရှုံး ရမယ့် အခြေ အနေ ဖြစ်လာတာလို့ ပြောပါတယ်။

သတ်မှတ်တဲ့ ၁၄ ရက် အတွင်း ဖယ်မပေးရင် ထောင်ဒဏ် ရက်ပေါင်း ၃၀ အပြစ် ပေး ခံရမယ်လို့ ပြောထား ပေမဲ့ သူ့ အနေနဲ့ ကတော့ ဖယ်ပေးမှာ မဟုတ်ဘူးလို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

တည်ဆဲ ဥပဒေတွေ အရ အစိုးရ အနေနဲ့ နိုင်ငံတော် စီမံကိန်းတွေ အတွက် လိုအပ်ရင် မြေသိမ်း ပိုင်ခွင့် ရှိပေမဲ့ မူလ ပိုင်ရှင်တွေ ဘက်မှာလည်း အခွင့် အရေးတွေ ရှိတာကြောင့် သူတို့ ရသင့် ရထိုက်တဲ့ အခွင့် အရေးတွေ ရအောင် အာဏာပိုင်တွေ ဘက်က ဆောင်ရွက် ပေးသင့် တယ်လို့ မြေယာ မှုခင်း တွေမှာ လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။

ကြေညာစာ ထုတ်တာဟာ ဥပဒေ လုပ်ငန်းစဉ် အစိတ် အပိုင်း အရ လုပ်ဆောင်တာ မှန်ပေမဲ့ မြေယာနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်ခွင့် ရှိတယ် ဆိုတဲ့ အဖွင့် အရေးကိုလည်း ပေးသင့်တယ်လို့ သူက ထောက်ပြ ပါတယ်။

သီလဝါ အထူး စီးပွားရေးဇုံ အတွက် ကျေးရွာလိုက် ပြောင်းရွှေ့ ပေးရမယ့် နေရာတွေလည်း ရှိနေပြီး လယ်ယာနဲ့ ဥယျာဉ် ခြံမြေ ဧက ၂၆၀၀ ကျော် ပါဝင် ပါတယ်။

အဲဒီ အထဲက တချို့ မြေယာ တွေကို အရင် စစ်အစိုးရ လက်ထက် ကတည်းက သိမ်းယူ ထားခဲ့တာမို့ နောက်ထပ် လျော်ကြေးလည်း ပေးမှာ မဟုတ်ဘူးလို့ အာဏာပိုင် တွေက ပြောကြောင်း ဆင့်စာ ပို့ပြီး ဖယ်ရှား ပေးရမယ့် ရွာသားတွေက ပြောကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။