BBC navigation

မြန်မာကို လျှပ်စစ်ဓါတ်အား ထပ်ရောင်းဖို့ ထိုင်းသဘောတူ

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 16:39 GMT

ထိုင်းမြန်မာ နယ်စပ်ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓါတ်အား ထပ်တိုးရောင်းချပေးတာလို့ ထိုင်းဘက်ကပြော

မြန်မာနိုင်ငံဘက်ခြမ်းအတွက် လျှပ်စစ် ဓါတ်အား ထပ်တိုး ရောင်းချပေးဖို့ ထိုင်း လျှပ်စစ် အာဏာပိုင်အဖွဲ့က သဘောတူလိုက် ပါတယ်။

ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့ဘက်ကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ၆ မီဂါဝပ် ရောင်းချ ဖြန့်ဖြူးပေးဖို့ သဘောတူစာချုပ် ချုပ်ဆိုပွဲကို မဲဆောက်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့က ကျင်းပခဲ့ပါတယ်။

ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အားကို ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့ဆီကနေ မဲဆောက်က ထိုင်းကုမ္ပဏီ တခုဖြစ်တဲ့ Moei Riverside Property ကုမ္ပဏီနဲ့ မြဝတီက National Grip Line ကုမ္ပဏီတွေက ပူးတွဲ ဝယ်ယူကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်တုံးက မြန်မာ အစိုးရဆီက ကန်ထရိုက် ရထားတဲ့ ကုမ္ပဏီဟောင်း က ထိုင်းလျှပ်စစ် အာဏာပိုင် အဖွဲ့ဆီက လျှပ်စစ် ဓါတ်အား ၂ မီဂါဝပ်ခွဲကို ဝယ်ယူ ပြီး မြဝတီမြို့အတွက် ဖြန့်ဖြူးပေးနေခဲ့ရာမှာ အခုနောက်ပိုင်း မလောက်မငှ ဖြစ်လာ တဲ့အတွက် အခုလို ထပ်တိုး ရောင်းချပေးဖို့ ထိုင်းဘက်က သဘောတူ လိုက်တာ ဖြစ်ပါတယ်။

အခုလို လျှပ်စစ် ဓါတ်အား ထပ်တိုး ရောင်းချပေးတာဟာ ထိုင်း မြန်မာနယ်စပ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြစ်တယ်လို့ အဲဒီ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ထိုင်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

အရင်က ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အားကို ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်ကနေ တာချီလိတ်ဘက် မဲ့ဟောင်ဆောင် ခရိုင်ကနေ ကယားပြည်နယ်ဘက် မဲဆောက်ကနေ မြဝတီနဲ့ ရွှေကုက္ကိုရွာတွေဘက်နဲ့ စံခရဘူရီ ကနေ ဘုရားသုံးဆူမြို့တွေဘက် အပါအဝင် မြန်မာဘက်က ၅ နေရာကို ရောင်းချ ပေးထားတယ်လို့ ထိုင်း လျှပ်စစ်ဌာနကပြောပါတယ်။

တာချီလိတ်နဲ့ မြဝတီမြို့တွေမှာ ဂျန်နရေတာ စက်ဟောင်းတွေ မလည်ပတ်တော့တာရယ်၊ ကျန်တဲ့ ၃ နေရာကတော့ နေရာအသစ်တွေ ဖြစ်လို့ လျှပ်စစ်မီး မရှိတာကြောင့်ရယ်တွေကြောင့် ထိုင်းဘက်က လျှပ်စစ် ဓါတ်အားတွေကို ဝယ်သုံးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြဝတီဘက်မှာ ထိုင်းကနေ တယူနစ်ကို ၃ ဘတ်ခွဲနဲ့ ဝယ်ယူတဲ့ ဓါတ်အားကို ၄ ဘတ်ခွဲနှုန်းနဲ့ ဖြန့်ဖြူးပြီး ဘုရားသုံးဆူဘက်မှာတော့ ထိုင်းဘက်က ၃ဘတ်နဲ့ ဝယ်ယူတဲ့ ဓါတ်အားကို ၆ ဘတ်နှုန်းနဲ့ ပြန်ဖြန့်ဖြူး တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘားအံ၊ မော်လမြိုင်ဖက်မှာတော့ အစိုးရက ဖြန့်ဖြူးတဲ့ ပုံမှန် မရတဲ့ လျှပ်စစ် ဓါတ်အား တယူနစ်ကို ၅ဝ ကျပ်နှုန်း၊ ဘတ်နဲ့ဆိုရင် ၁ ဘတ် ၇၅ ပြားလောက် ကျတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။