BBC navigation

၂၀၀၈ ဖွဲ့စည်းပုံမှာ လူ့အခွင့်အရေး ပြဿနာတွေရှိ

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 17:24 GMT

ဖွဲ့စည်းပုံက လူ့အခွင့် အရေး ပြဿနာတွေကို မြန်မာ အစိုးရ တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးမယ်

မြန်မာ နိုင်ငံကို ၆ ရက်ကြာ ခရီးစဉ် အဖြစ် တနင်္လာနေ့မှာ ရောက်ရှိ လာမယ့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တော်မတ်စ် အိုဟေး ကင်တားနားက ၂၀၀၈ ဖွဲ့စည်းပုံမှာ လူ့အခွင့် အရေး ပြဿနာတွေ ရှိနေကြောင်း ပြောကြား လိုက် ပါတယ်။

ဖွဲ့စည်းပုံ ဆိုင်ရာ မူကြမ်းကို ရေးဆွဲ ရာမှာ သက်ဆိုင် သူ အားလုံး၊ တိုင်းရင်းသား လူနည်းစု အားလုံး ပါဝင် ရေးဆွဲခဲ့တာ မဟုတ်ဘူးဆိုတဲ့ အချက်နဲ့ ဒီဖွဲ့စည်းပုံကို အတည်ပြုဖို့ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဆန္ဒ ခံယူပွဲ ဟာလည်း လုံးဝ လွတ်လပ် မျှတမှု မရှိတဲ့ ဆန္ဒခံယူပွဲ ဖြစ်တယ် ဆိုတာ တွေကို လူ့အခွင့် အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တဦး အနေနဲ့ လူထုကို ထပ်ပြီး သတိ ပေးရမယ့် တာဝန် သူ့မှာ ရှိနေတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒီဖွဲ့စည်းပုံက လူ့အခွင့် အရေး ဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒီကိစ္စကို မြန်မာ အစိုးရ အာဏာပိုင်တွေ၊ လွှတ်တော် ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေး သွားမယ် လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသား လူနည်းစု တွေနဲ့ အပါအဝင်၊ ပတ်သက်သူ အားလုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုအောင် ဘယ်လို ပြင်ဆင်နိုင်မယ့် အလား အလာတွေ ရှိနေ သလဲ အပေါ်၊ ဆွေးနွေးကြတာကိုလည်း မစ္စတာ ကင်တားနားက လေ့လာ သုံးသပ်မှာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့ မြန်မာနိုင်ငံ သတ္တမမြောက် ခရီးစဉ် အတွင်း၊ ကချင် ပြည်နယ်မှာ တကယ်တမ်း ဖြစ်ပျက် နေတာတွေကို စိစစ် လေ့လာ လိုကြောင်းနဲ့ ရခိုင် ပြည်နယ် အခြေ အနေ တွေနဲ့ ပတ်သက်လို့လည်း စိုးရိမ် မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ အစိုးရ ကဖွဲ့ပေးတဲ့ စိစစ်ရေး ကော်မတီ၊ စတာတွေ အပါအဝင် အခြေအနေ အရပ်ရပ်ကို လေ့လာ သွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။