BBC navigation

ဗိုလ်ချုပ်ရည်မှန်းချက် အမြစ်မတွယ်သေး

နောက်ဆုံး ရေးသားချိန် 12 ဖေဖေါ်ဝါရီလ 2013 - 21:57 GMT
aung_san

ဒေါင်းနင်းလမ်းရောက် ဦးအောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်တွေ ခုထိ အမြစ်မတွယ်သေးဘူးလို့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြား လိုက်ပါတယ်။

ဗိုလ်ချုပ်ဟာ တိုင်းရင်းသားတွေ အားလုံး ညီညွတ်စွာ ဝေမျှ ခံစားပိုင်ခွင့်ရှိတဲ့ နိုင်ငံမျိုး ဖြစ်လာဖို့ မျှော်မှန်း ခဲ့ပေမယ့်လဲ ခုချိန်ထိ စစ်တွေ အဆုံးမသတ်နိုင်သေးလို့ ဗိုလ်ချုပ် ဆန္ဒမပြည့်ဝ သေးဘူးလို့ ဦးဝင်းတင်က ဆိုပါတယ်။

ပြည်သူတွေ ခံစားရတဲ့ ဆင်းရဲ ဒုက္ခတွေ လျော့ပါးပြီး ညီညီညွတ်ညွတ် ရှိတဲ့ အခြေအနေမျိုး ရောက်အောင် ကြိုးစားဖို့ လိုနေသေးတယ်လို့ ဗိုလ်ချုပ် အောင်ဆန်း ၉၈ နှစ်ပြည့် မွေးနေ့ အမှတ်တရစကားကို ဟံသာဝတီ ဦးဝင်းတင်က ပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင်က သူ့ကို စစ်ထဲ မဝင်ဘဲ ပညာ ဆက်သင်ဖို့ ဗိုလ်ချုပ် အောင်ဆန်း စစ်ထွက်တဲ့ လမ်းတနေရာမှာ ပြောခဲ့တဲ့ စကားကို သူမမေ့နိုင်အောင် ရှိရတယ်လို့လဲ ဆိုပါတယ်။

ဒါပေမဲ့ ဒီဘက်ခေတ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံ မိန့်ခွန်း ဟောပြောချက် အဆိုအမိန့်တွေကို စစ်အစိုးရတွေက လူထုကြား မရောက်အောင် ပိတ်ပင် တားမြစ်ခဲ့တဲ့အတွက် ဗိုလ်ချုပ်ကို ပြည်သူတွေကြားမှာ မေ့ပျောက်သလို ရှိနေခဲ့တယ်လို့လဲ ဦးဝင်းတင်က ပြောပါတယ်။

ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်လို့ ဗိုလ်ချုပ်ကို လူစိတ်ဝင်စားတာ ပိုများလာပေမယ့် ဗိုလ်ချုပ် အကြောင်း ပြည်သူတွေ အထူးသဖြင့် ကလေး သူငယ်တွေ ကြားမှာ ပြန့်နှံ့အောင် လုပ်ဖို့ အထူး လိုအပ်တယ်လို့ ဦးဝင်းတင်က သတိပေး ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။