BBC navigation

သမ္မတဦးသိန်းစိန် ငြိမ်းချမ်းရေး စီးပွားရေး ဆိုင်ရာတွေ နော်ဝေးမှာ ဆွေးနွေးမယ်

နောက်ဆုံး ရေးသားချိန် 26 ဖေဖေါ်ဝါရီလ 2013 - 16:52 GMT

သမ္မတဦးသိန်းစိန်နဲ့ နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg တို့ တွေ့ဆုံစဉ်

သမ္မတဦးသိန်းစိန်ဟာ ဥရောပခရီးစဉ်အစအဖြစ် ဒီကနေ့မနက်က နော်ဝေးနိုင်ငံကို ရောက်ရှိနေပြီး နော်ဝေးဝန်ကြီးချုပ် ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

၃ ရက်ကြာ နော်ဝေးနိုင်ငံခရီးစဉ်အတွင်း မြန်မာ နိုင်ငံဘက်က အစိုးရ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို ရှင်းပြပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နော်ဝေးမှာ ဘယ်လို လုပ်ဆောင်နေတယ်ဆိုတာ လေ့လာပြီး လိုအပ်ချက်တွေကို ဆွေးနွေးမယ်လို့ ဒီခရီးစဉ်ကိုလိုက်ပါသွားတဲ့ သမ္မတရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

နော်ဝေးက အကူအညီပေးနေတဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ ဘယ်လိုဆက် အကူအညီပေးနိုင်မလဲဆိုတာကိုလည်း ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်မှာ ပါလာတဲ့ ကာကွယ်ရေး ဦးစီးချုပ် ကြည်း ဗိုလ်ချုပ်ကြီးစိုးဝင်းအနေနဲ့လည်း ငြိမ်းချမ်းရေးဖေါ်ဆောင်းရေး ဆွေးနွေးမှုတွေမှာ သူတို့အမြင် သဘောထားတွေကို ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။

ကုန်သွယ်ရေး နဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးမှုတွေရှိမှာ မဟုတ်ဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ် ဘယ်လောက်ထူးခြားမှုရှိသလဲ

ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆိုင်းငံ့ထားပြီးဖြစ်လို့ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေး ရင်းနှီးမြှတ်နှံမှု၊ စီးပွားရေး တည်ငြိမ်းမှုရှိရေး ကူညီနိုင်မယ့် အလားအလာ ။ ငွေရေးကြေးရေး ထောက်ပံ့ကူညီမှု စတာတွေ ရရှိအောင် ကြိုးစားမယ့်ခရီးစဉ်ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်ပြီး ဆောင်းပါးတွေ ရေးသားနေတဲ့ ရှမ်းဒီမိုကရက်တစ် ယူနီယံ အတွင်းရေးမှုး စိုင်းဝမ်စိုင်းက သုံးသပ်ပါတယ်။

ဥရောပသမဂ္ဂက ပိတ်ပင်ထားဆဲဖြစ်တဲ့ စစ်လက်နက်ပစ္စည်း ရောင်းချမှု နဲ့ပတ်သက်လို့ ရုတ်သိမ်း ဒါမှမဟုတ် ဆိုင်းငံ့အောင် အခုခရီးစဉ်မှာ ကြိုးစားမယ့် အနေအထားမရှိဘူးလို့ သူက ပြောပါတယ်။

စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ထားတာကို ရုတ်သိမ်းလိုက်ရင် မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်နေတာကို အီးယူက ထောက်ခံတဲ့ သဘော သက်ရောက်သွားမို့ ဒါကို အီးယူက လိုလားမှာ မဟုတ်ဘူးလို့ စိုင်းဝမ်စိုင်းက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။