BBC navigation

အိုဘားမားရဲ့ မြန်မာပေါ်လီစီကို ပြောင်းဖို့ တောင်းဆို

နောက်ဆုံး ရေးသားချိန် 1 မတ်လ 2013 - 01:46 GMT

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အပေါ် ပြုမူမှုတွေ၊ ကချင်ပြည်နယ်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ဦးတည်နေတဲ့ လက္ခဏာတွေလို့ ဖေါ်ပြပြီး အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြောင်းဖို့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ကွန်ဂရက်လွှတ်တော် လူအခွင့်အရေးဆိုင်ရာ ကော်မီတီ ကြားနာမှုမှာ United to End Genocide လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးအဖွဲ့ ဥက္ကဌ ကွန်ဂရက် လွှတ်တော် အမတ်ဟောင်း တွန်အင်ဒရူးက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ အမေရိကန်၊ ယူကေနဲ့ အနောက်နိုင်ငံတွေရဲ့ တစိုက်မတ်မတ် ဖိအားပေးမှုတွေကြောင့် ဖြစ်လာတာဖြစ်တယ်။ ပြောင်းလဲလာလို့ ပိတ်ဆို့ အရေးယူမှုတွေ လျော့ပေးတာကို လက်ခံပေမယ့် သံတမန်ရေး၊ စီးပွားရေး နိုင်ငံရေး ဖိအားအားလုံကို လျော့ချတာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

အနိမ့်ဆုံး မြန်မာအစိုးရအနေနဲ့ အရပ်သားတွေကို သတ်ဖြတ်မှု၊ လယ်မြေသိမ်းမှုတွေ၊ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ နဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေ ရပ်ဆိုင်းတာမျိုး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးပြီး ဖွဲ့စည်းပုံ ဥပဒေက အခြေခံကျတဲ့ အချက်တွေကို ပြင်ဆင်တာမျိုး နောက်ကြောင်း ပြန်မလှည့်တဲ့ အပြောင်းအလဲတွေကို လုပ်မှသာ လက်ရှိမူဝါဒကို ဆက်ကျင့်သုံးသင့်တယ်လို့ ဆိုပါတယ်။

ဒီနှစ် နှောင်းပိုင်း မြန်မာနိုင်ငံမူဝါဒကို ကွန်ဂရက်က ပြန်သုံးသပ်ရာမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကို ထည့်စဉ်းစားပြီး ပြတ်ပြတ်သားသား မူဝါဒချဖို့ တိုက်တွန်းခဲ့တယ်လို့ သူက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။