BBC navigation

ဒီချုပ်ပါတီမှာ ညီညွတ်ရေး ပြဿနာ ရှိနေပြီလား

နောက်ဆုံး ရေးသားချိန် 6 မတ်လ 2013 - 15:36 GMT
NLD

နှစ်ပေါင်း အစိတ်နီးပါး အတွင်း ပထမဆုံး ညီလာခံ

မကြာခင် ကျင်းပ တော့မယ့် အန်အယ်ဒီ ပါတီ နိုင်ငံလုံး ဆိုင်ရာ ညီလာခံမှာ ကိုယ်စားလှယ် အဖြစ် ပါ၀င် တက်ရောက်ခွင့် ပယ်ဖျက် ခံရတဲ့ ကိုယ်စားလှယ် တွေက သူတို့မှာ အပြစ် မရှိ ကြောင်းနဲ့၊ သူတို့ဘက်က အမြင် တွေကိုလည်း ဖြေရှင်း တင်ပြခွင့် မရကြ ကြောင်း ပြောပါတယ်။

အန်အယ်ဒီ ပါတီ ညီလာခံ ကျင်းပ ဖို့သုံးရက် အလိုမှာ ပါတီ ညီညွတ်ရေးကို ပြိုကွဲအောင် လုပ်တယ် ဆိုပြီး ညီလာခံ ကိုယ်စားလှယ် အဖြစ်က ရပ်စဲကြောင်း ကြေညာ ခံရတဲ့ ကိုယ်စားလှယ် တွေ ဖြစ်ကြတဲ့ ဦးခင်မောင်၀င်းနဲ့ ဦးခင်မောင်ရှိန် တို့က သူတို့မှာ အပြစ် မရှိဘူး လို့ပြောကြပြီး၊ သူတို့မှာ ပြန်လည် ဖြေရှင်းခွင့် လည်း မရခဲ့ဘူးလို့ ဆိုပါတယ်။

လမ်းမတော် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်၀င်းက ဆိုရင် သူ့ကိုအရေး ယူခံရတယ် ဆိုတာကိုတောင် သူများပြော တော့ မှ သိရပါတယ် လို့ဆိုပါတယ်။ ဒီလို အရေးယူခံ ရတာနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာတော့ ညီလာခံ ကျင်းပရေး ကော်မရှင်မှာ သွားပြီး ဖြေရှင်းမယ်လို့ သူက ပြောပါတယ်။

ဦးခင်မောင်၀င်းဟာ အန်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ဘူးလို့ ဆုံးဖြတ်ခဲ့ ချိန်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ကိုယ်စားလှယ် အဖြစ် လမ်းမတော်မြို့နယ်မှာ ၀င်အရွေးခံ အနိုင်ရ ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ သူဟာ အန်အယ်ဒီ ပါတီနဲ့ ပြန်ပေါင်း စည်းခဲ့သူ ဖြစ်ပါတယ်။

ရန်ကုန် မြောက်ပိုင်းခရိုင် ၈ မြို့နယ်ကို ကိုယ်စားပြုတဲ့ ဥက္ကဌ ဦးခင်မောင်ရှိန်ကတော့ သူ့အနေနဲ့ မြောက်ပိုင်း ခရိုင် ဗဟို ညီလာခံ ကိုယ်စားလှယ် တွေ အဖြစ် ဘယ်သူတွေ ၀င်အရွေးခံ ကြမယ် ဆိုတာကို ညှိနှိုင်းဖို့ ဖေဖော်ဝါရီလ ဆန်းတုန်းကရန်ကုန် သမိုင်းလမ်းဆုံ City Mart မှာ လူ ၂၀ ကျော် စည်းဝေး တိုင်ပင်ခဲ့တာ ရှိတယ်လို့ ပြောပါတယ်။ အဲဒီတွေ့ဆုံပွဲကို အန်အယ်ဒီ လူငယ် တချို့က သတင်းယူ တိုင်ကြားခဲ့တာ လို့ပြောပါတယ်။

ဒါပေမယ့် သူ့ဖက် ကအမှား လုပ်ခဲ့တာ မဟုတ်ဘူးလို့ ဒီကနေ့မှာ သတင်းထောက်တွေကို တွေ့ဆုံရှင်းပြခဲ့ပါတယ်။ ဦးခင်မောင်ရှိန်က သူ့အနေနဲ့ အန်အယ်ဒီ ပါတီမှာ ဆက်မလုပ်တော့ဘူး လို့လည်း ပြောပါတယ်။

ဦးခင်မောင်၀င်း၊ ဦးခင်မောင်ရှိန်၊ ရွှေပြည်သာက ဦးသန့်ဇင်နဲ့ စစ်ကိုင်းတိုင်း ကောလင်း မြို့နယ်က ဒေါ်မိမိကြီး တို့လေးဦးတို့ အပေါ်စွပ်စွဲချက် တွေနဲ့ပတ်သက်ပြီး ကိုင်တွယ် ဆောင်ရွက်ဖို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က၊ ပါတီခေါင်းဆောင်ပိုင်းက လွှတ်တော် ကိုယ်စားလှယ် ငါးဦးကို တာ၀န်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက တဦးဖြစ်တဲ့ ဦး၀င်းထိန်ကို မေးကြည့်တော့ သူက ဖြေကြားဖို့ ငြင်းဆို ပါတယ်။

အခုကျင်းပမယ့် အန်အယ်ဒီ ပါတီ ညီလာခံဟာ ပါတီရဲ့ ခေါင်းဆောင်သစ်တွေကို ရွေးချယ် တင်မြှောက်ကြမှာ ဖြစ်လို့ အရေးကြီး သလို၊ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် အရှိန်ယူ ပြင်ဆင်မှုတွေ စလုပ်တဲ့ ညီလာခံ ဖြစ်တာမို့လည်း ပါတီရဲ့ အနာဂတ် အတွက် အထူး အရေးပါတဲ့ အစည်း ဝေး တခုဖြစ်ပါတယ်။

ညီလာခံ မစခင်အခုလို အရေးယူတဲ့ကိစ္စတွေ ပေါ်တာတာကို ကြည့်ရင်တော့ပါတီ ရဲ့စည်းလုံးညီညွတ်မှုမှာ တခုခု လိုနေပြီ ဆိုတာ သိပ်ရှင်းပြစရာမလိုတဲ့ သက်သေ ဖြစ်ပါလိမ့်မယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။