BBC navigation

ရိုမေးနီးယား နိုင်ငံရောက် ကချင်ဒုက္ခသည်

နောက်ဆုံး ရေးသားချိန် 7 မတ်လ 2013 - 01:25 GMT

ပြည်ပရောက် တိုင်းရင်းသားဒုက္ခသည်များ

မလေးရှားနိုင်ငံ မှ တဆင့် ရိုမေးနီးယားနိုင်ငံ ကို ၂ဝ၁ဝ ခုနှစ် က နှစ်သုတ်ခွဲပြီး ရောက်သွားတဲ့ မြန်မာဒုက္ခသည် ၅ဝ ကျော် အနက် အများစုဟာ ကချင်ဒုက္ခသည်တွေ ဖြစ်ကြ ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေ ရှိကြတဲ့ မိသားစု တွေ ဖြစ်ကြပါတယ်။

ဒီဒုက္ခသည်တွေဟာ သူတို့ရဲ့ ဘဝ ကို ပြန်လည် တည်ဆောက်လို့ ရအောင် အမျိုးမျိုး ရုန်းကန် ကြိုးစားကြပေမယ့် နေ့စဉ်ကြုံတွေ့ နေရတဲ့ ဒုက္ခတွေ ကို မခံနိုင်တဲ့ အဆုံး တခြား ဥရောပ နိုင်ငံတွေ ဘက် ထွက်ခွာဖို့ ကြိုးစား ကြပါတယ်။ နေစရာအိမ် ရှာပေးမယ် ဆိုပေမယ့် လက်တွေ့မှာ မရတဲ့ အကြောင်း၊ အစားအသောက်၊ ကျန်းမာရေး၊ အလုပ်အကိုင် က အစ အခက်အခဲ ရှိနေတာတွေ ပါဝင် ပါတယ်။

ဒုက္ခသည် အများစု ဟာ ဒိန်းမတ် နိုင်ငံ ကို ရောက်လာ ရာက သူတို့ ဘဝ ပြန်စလို့ ရအောင် ကြိုးစား ကြပေမယ့်လည်း ဒိန်းမတ်နိုင်ငံ ဘက်ကလည်း သူတို့ကို လက်ခံဖို့ အပိုင်းမှာ အခက်အခဲ ရှိနေတဲ့ အကြောင်း ကချင်ဒုက္ခသည် တယောက်က ဘီဘီစီ ကို ပြောပါတယ်။

ဒိန်းမတ်ဘက် က လက်ခံဖို့ အခက်အခဲကတော့ ရိုမေးနီးယား အစိုးရ အနေနဲ့ တရားဝင် စာရွက်စာတန်း နဲ့ လွှဲပြောင်းပေးခြင်း မရှိတဲ့ အတွက် လက်ခံဖို့ အပိုင်းမှာ အဟန့်အတား ဖြစ်နေတဲ့ အကြောင်း ရှင်းပြပါတယ်။

မြန်မာနိုင်ငံ ပြန်လာဖို့ အရေးမှာလည်း ကချင်ပြည်နယ် တွင်းမှာ စစ်ပွဲတွေ ရှိနေဆဲမို့ မိမိ တို့ အိမ်သားတွေပင် ထွက်ပြေးနေရဆဲ ဖြစ်ပုံ၊ တကယ်လို့ ပြန်သွားရင်လည်း ဒုက္ခသည် စခန်းကိုပဲ ပြန် ရောက်စရာ အကြောင်းရှိတဲ့ အတွက် ကချင်ပြည်နယ် မှာ ငြိမ်းချမ်း မှသာ ပြန်နိုင်မယ့် အကြောင်းတွေ ကို ကချင်ဒုက္ခသည် တယောက်က ဘီဘီစီ ကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။