BBC navigation

တံတားနီ ငွေရတု ကျင်းပ

နောက်ဆုံး ရေးသားချိန် 16 မတ်လ 2013 - 19:43 GMT

ခေတ်လူငယ်တွေ အနေနဲ့ ရရှိထားတဲ့ လွတ်လပ် ခွင့်တွေကို ပေါ့ပေါ့ တန်တန် ထင်သွားမှာ စိုးရိမ်

၁၉၈၈ ခုနှစ်က အင်းယားကန် တံတားဖြူ နေရာမှာ တက္ကသိုလ် ကျောင်းသားတွေ ဖြိုခွဲခံ ခဲ့ရလို့ သွေးမြေ ကျခဲ့ ရတဲ့ အောက်မေ့ဖွယ် အထိမ်း အမှတ် အဖြစ်၊ ၂၅ နှစ်မြောက် တံတားနီနေ့ အခမ်း အနားကို ကျင်းပခဲ့ ပါတယ်။

အခုနှစ် ပြုလုပ်တဲ့ အခမ်း အနားနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကို မင်းဇေယျာ က၊ ကျောင်းသားတွေ အပေါ် အာဏာ ပိုင် တွေက မတရား ညှင်းပန်း နှိပ်စက်ခဲ့ မှုတွေ အပေါ်မှာ နားကျည်းမှု အာဃာတတွေ ကြီးထွားလာ စေဖို့ မဟုတ်ပဲ၊ ရှေ့ဆက် လုပ်ဆောင်တဲ့ နေရာမှာ သတိ တရား ပိုရှိ ဖို့နဲ့ အင်အား တွေပို ဖြစ်လာ စေဖို့ ရည်ရွယ် တယ်လို့ ပြောပါတယ်။

စစ်အစိုးရက သမိုင်းကို ဖျောက်ဖျက် ဖုံးကွယ်ခဲ့ တာကြောင့် အခုခေတ် လူငယ်တွေ အနေနဲ့ အခု ရရှိ လာတဲ့ လွတ်လပ်ခွင့် တွေကို ပေါ့ပေါ့ တန်တန် ထင်သွားမှာ စိုးရိမ်ကြောင်း၊ အခု ရရှိထားမှု ဟာလည်း စစ်မှန်တဲ့ လွတ်လပ်မှု မဟုတ်သေးကြောင်း ကိုမင်းဇေယျာက ဘီဘီစီကို ပြောပြ ပါတယ်။

နောက်ပြီး အခုလို လွတ်လပ်ခွင့် အနည်းငယ် အပေါ်မှာ သာယာပြီး လှုပ်ရှားမှုအား လျော့သွားမှာ စိုးရိမ်တဲ့ အတွက်ကြောင့်၊ ကျောင်းသားတွေက သွေးတွေ အသက် တွေ စတေးခဲ့ ရတယ် ဆိုတာကို ဖေါ်ထုတ်တဲ့ သဘော ပါလို့လည်း သူက ဆက်ပြောပါတယ်။

ကျောင်းသားတွေ သွေးမြေ ကျခဲ့ ရတာကို အမှတ်ရ စေဖို့၊ တက်ကြွ လှုပ်ရှားသူ ကျောင်းသားတွေ ကနေ တံတားဖြူ နေရာကို တံတားနီလို့ ပြောင်းလဲ ခေါ်ဝေါ်ပြီး နှစ်စဉ် မတ်လ ၁၆ ရက်နေ့ ရောက် လေတိုင်း တံတားနီနေ့ အဖြစ် အောက်မေ့ဖွယ် အခမ်း အနားတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ကျရောက်တဲ့ တံတားနီနေ့ ငွေရတု ကိုတော့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဗမာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)နဲ့ တက္ကသိုလ် ကျောင်းသမားများ သမဂ္ဂ (တကသ) တို့က ဦးဆောင်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မနက်ပိုင်းမှာ တာမြို့နယ်မှာ အခမ်း အနား ပြုလုပ်ပြီး၊ ညနေ ပိုင်းမှာတော့ ကျောင်းသားတွေ သွေးမြေကျ ခဲ့တဲ့ အင်ယားကန် ဘောင် မြက်ခင်းမှာ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။