BBC navigation

မြန်မာ့ဆန်ကို ဂျပန်ဝယ်ပြီ

နောက်ဆုံး ရေးသားချိန် 19 မတ်လ 2013 - 23:58 GMT
rice_myanmar

မြန်မာပြည်မှာ စိုက်ပျိုး ထုတ်လုပ်တဲ့ ဆန်တွေကို ဂျပန် ဝယ်ယူပြီ

မြန်မာပြည်က ဆန်တွေကို ဆယ်စုနှစ်ပေါင်း များစွာ အတွင်းမှာ ဂျပန်က ပြန်ပြီး ဝယ်ယူ လိုက်ပါပြီ။

လာမယ့် မေလမှာ ပထမဆုံး အဖြစ် တန်ချိန် ၅၀၀၀ ကို ရန်ကုန်ဆိပ်ကမ်း ကနေ စပို့တော့မှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး အဖွဲ့ချုပ်က ပြောပါတယ်။

အဲဒီ ဆန်တွေကို ဂျပန် ရိုးရာ မုန့်လုပ်ငန်း တွေမှာ သုံးဖို့ အတွက် ဝယ်ယူတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီလို ဝယ်ယူတဲ့ နေရာမှာ မြန်မာ့ ဧည့်မထ အုပ်စုထဲက ဆန်တွေကို သဘောကျပြီး ဓာတု ဓာတ်ကြွင်းတွေ ပါ မပါနဲ့ ဘေးထွက် ဆိုးကျိုး ရှိ မရှိကို စစ်ဆေး အောင်မြင်လို့ အခုလို ဝယ်ယူတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ကိုမျိုးသူရအေး က ဘီဘီစီကို ပြောပါတယ်။

အခုဝယ်ယူ ခဲ့ရာမှာ ဂျပန် နိုင်ငံ မစ်ဆူအီ ကော်ပိုရေးရှင်းက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ဘက်ကတော့ ဆန်စပါး လုပ်ငန်းရှင် တွေစုဖွဲ့ ထားတဲ့ မြန်မာ့လယ်ယာ စီးပွား ကော်ပိုရေးရှင်းက တင်ပို့တာ ဖြစ်ပါတယ်။

ဂျပန်က မြန်မာ့ ဆန်ကို နှစ်ပေါင်း ၄၀ အတွင်းမှာ ပြန်ဝယ်ယူတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံက ဆန်ရောင်းဈေးက တတန်ကို ဒေါ်လာ ၄၉၀ ရလို့ ဗီယက်နမ် ဆန်ထက်တောင် ဈေးပိုရတယ်လို့ ပြောနိုင်ပါတယ်။

အရင်က မြန်မာ့ဆန်ဟာ အရည်အသွေး နိမ့်လို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အာဖရိက ကိုသာ တင်ပို့ နိုင်ခဲ့ပါတယ်။ အခုလို အရည်အသွေးကို စနစ်တကျ တန်ဘိုးထားတဲ့ ဂျပန်က မြန်မာ့ ဆန်ကို ပြန်လက်ခံ လာတာကြောင့် မြန်မာ့ ဆန်ဈေးကွက် အတွက် အနာဂတ် အလား အလာဟာ မျှော်လင့် စရာ ရှိလာပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၈ နှစ်လောက်က နှမ်း တင်ပို့ တုန်းကလို ဓာတု ဓာတ်ကြွင်းတွေ ပါတယ်ဆိုပြီး ပြန်ပို့ ခံရတာမျိုး မဖြစ်အောင် သတိထားဖို့ လိုတယ်လို့လည်း ပို့ကုန် လုပ်ငန်း ရှင်တွေက ပြောကြပါတယ်။

ဒီနှစ်ထဲမှာ မြန်မာ့ဆန်ကို တန်ချိန် ၁.၃ သန်း ကျော်အထိ တင်ပို့ထားပြီးဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။