BBC navigation

ဖွဲ့စည်းပုံပြင်ရင် ဘာတွေ ဦးစားပေးသင့် သလဲ

နောက်ဆုံး ရေးသားချိန် 20 မတ်လ 2013 - 16:24 GMT
U Htay Oo

အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လွှတ်တော် ကော်မီတီ က အဓိက ကျတယ်လို့ ဦးဌေးဦးပြော

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြန်လည် သုံးသပ်ရေး ကော်မီတီ သို့မဟုတ် ကော်မရှင် ဖွဲ့စည်းရေးကို ဆွေးနွေးဖို့ ပြည်ထောင်စု လွှတ်တော်က လက်ခံ လိုက်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ဝက်လက် မဲဆန္ဒနယ် ကိုယ်စားလှယ် သူရဦးအေးမြင့် တင်သွင်း ခဲ့တဲ့ အဆိုကို လွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာပါ။

ဒီကစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့် သူတွေ အနေနဲ့ လာမယ့် ဇွန်လ ၁၃ ရက်နေ့ မတိုင်ခင် ပြည်ထောင်စု လွှတ်တော်ကို စာရင်းပေးသွင်း ကြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး ကတော့ သူတို့ ပါတီ အတွင်း ဆွေးနွေးပြီးမှသာ ဘာတွေ ပြင်ဆင် သင့်တယ် ဆိုတာ ပြောနိုင်မယ် လို့ ဆိုပါတယ်။

ကော်မီတီတွေ ဖွဲ့ရင် တပ်မတော်သားတွေ၊ တိုင်းပြည်ရဲ့ ရည်မှန်းချက် တွေကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်စွမ်း ရှိသူတွေ၊ ဥပဒေ ရေးရာ နားလည် ပြီး အကြံပြုနိုင်သူ ပညာရှင်တွေ ပါဝင်ဖို့ လိုအပ်တယ်လို့ ဦးဌေးဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် မယ်လို့ ပြောခဲ့ ပြီးတဲ့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ကြိုးစားမယ် လို့ တစိုက် မတ်မတ် ပြောဆိုလာခဲ့တဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က တော့ လွှတ်တော်မှာ သူတို့က လူနည်းစု ဖြစ်တဲ့ အတွက် မဲခွဲ ဆုံးဖြတ်ရင် အနိုင်ရဖို့ မသေချာလို့ မတင်နိုင်ခဲ့သေးတာလို့ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

အန်အယ်လ်ဒီ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြုပြင်သင့်တဲ့ အချက် ၁၂ ချက်ကို ဖော်ပြထားပြီး ဖြစ်ပြီး အဲဒါတွေကို တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် တခြား ပါတီက ကိုယ်စားလှယ်တွေ လက်ခံ လာအောင် စည်းရုံး နေခဲ့ ရာမှာ ပြုပြင်သင့်တယ်လို့ လက်ခံလာကြတာတွေ တွေ့ရတယ်လို့ လည်း သူက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြန်လည် သုံးသပ်ရေး ကော်မီတီ ဖွဲ့စည်းဖို့ ဆွေးနွေးကြတဲ့ နေရာမှာ အစိုးရကို ထိန်းချုပ်ပြီး နိုင်ငံသား တွေရဲ့ အခွင့် အရေးတွေကို အကာ အကွယ်ပေးတဲ့ မူတွေ ပါဝင်ဖို့ သင့်တယ်၊ နိုင်ငံတော် အာဏာကို ခွဲဝေ ကျင့်သုံး ပုံနဲ့ တိုင်းရင်းသားတွေ ကိုယ်ပိုင် အုပ်ချုပ် နိုင်ခွင့် ရရေး စတာတွေ ပါအောင် ကြိုးစားသင့်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။