BBC navigation

ပုဒ်မ ၁၄၄ ကြောင့် လူအုပ်နဲ့ အနိုင်ကျင့်လို့ မရတော့

နောက်ဆုံး ရေးသားချိန် 20 မတ်လ 2013 - 18:26 GMT
Win Htein

အခြေအနေတွေ တည်ငြိမ်အောင် ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်နေတဲ့ မိတ္ထီလာအမတ် ဦးဝင်းထိန်

မိတ္ထီလာမြို့မှာ မနေ့ည ၉ နာရီ နောက်ပိုင်းကစလို့ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက်မှာ ဒီကနေ့ မတ် ၂၁ က စလို့ အခြေအနေတွေဟာ ငြိမ်သွားဖို့ ရှိတယ်၊ လူအုပ်နဲ့ အနိုင်ကျင့်လို့ ရမှာ မဟုတ်တော့ဘူးလို့ မိတ္ထီလာအမတ် ဦးဝင်းထိန်က ညဉ့်သန်းခေါင်ကျော်မှာပဲ ဘီဘီစီကို ပြောပါတယ်။

အခြေအနေတွေကို ပြေလည်အောင် ကြိုးစားရမယ်၊ မိတ္ထီလာမြို့ဟာ နဂိုကထဲက မြန်မာမူဆလင်တွေ အများကြီး နေထိုင်ကြတဲ့ မြို့ဖြစ်ပြီး၊ အားလုံး ပြေပြေလည်လည် ရှိကြတယ်၊ အခုမှ ရုတ်တရက် ထဖြစ်တာပါလို့ သူက သုံးသပ်ပါတယ်။

ညတွင်းချင်းကို အနီးပတ်ဝန်းကျင် ရွာတွေက ကားတွေနဲ့ တုတ်တွေ၊ ဓားတွေ ဆွဲပြီး တက်လာကြလို့ တားဆီးခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးလည်းဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်။

တောကြောင်တွေလို့ခေါ်တဲ့ ပြဿနာပေါ်မှာ အမြတ်ထုတ်လိုသူတွေ ရှိတယ်၊ ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ လာကဲ့တဲ့သူတွေတောင် ရှိတယ်လို့ သူက ဆိုပါတယ်။

အာဏာပိုင်တွေဟာ ဒီလိုကိစ္စတွေ မကြုံဘူးတော့ စနစ်တကျ ကိုင်တွယ်ဆောင်ရွက်တာကို မလုပ်နိုင်ကြဘူး၊ ညမှောင်မိုက်တဲ့ အချိန်လည်း ဖြစ်၊ လူအုပ်ကလည်း ကြီးမားလွန်းတော့ ခပ်လှမ်းလှမ်းကသာ ထိန်းသိမ်း ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း လုံခြုံရေးဝန်ကြီးကိုယ်တိုင် ဆင်းလို့ အခြေအနေတွေကို ကွပ်ကဲဆောင်ရွက်နေသလို တပ်ကို မသုံးဘဲ ရဲတပ်ဖွဲ့ အင်အားနဲ့သာ ထိန်းသိမ်း ဆောင်ရွက်ခဲ့လို့ အထိုက်အလျောက်ပဲ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ တပ်အရာရှိဟောင်း တဦးလည်းဖြစ်တဲ့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

မတ် ၂၀ မနက်ပိုင်းက မိတ္ထီလာမြို့ ရွှေဆိုင်တဆိုင်မှာ ရွှေလာရောင်းရာက နှစ်ဘက် အချေအတင်ဖြစ်ပြီး၊ ဆိုင်ရှင် မူဆလင်က ရွှေလာရောင်းတဲ့ ဇနီးမောင်နှံအနက် လင်ယောက်ျားလုပ်သူကို ရိုက်နှက်ခဲ့ရာကနေ နောက်ဆက်တွဲ လူအုပ်နဲ့ ဆိုင်တွေ၊ အိမ်တွေ ဖျက်စီး၊ ဘာသာရေး ကျောင်းနဲ့ ဗလီတွေကို ဖျက်စီး၊ မီးရှို့တာတွေ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။