လက်ပံတောင်း စီမံကိန်း တတိယနေ့ ဆက်ဆန္ဒပြ

Image caption လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းပေးဖို့ ဒေသခံတွေ အစဉ်တစိုက် တောင်းဆို လာခဲ့ကြ

မုံရွာတဖက်ကမ်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရှိတဲ့ ဆားလင်းကြီးဒေသမှာ စီမံကိန်း လုံးဝ ဖျက်သိမ်းဖို့ လိုလားတဲ့ ဒေသခံ ၅၀၀ကျော်က တတိယမြောက်နေ့ အဖြစ် တရား၀င် ဆန္ဒပြခွင့် တင်ပြီး ဆန္ဒပြခဲ့ကြ ပါတယ်။

သူတို့ အဓိက တောင်းဆိုနေတဲ့ အချက် ၃ချက် ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းပေးရေး၊ အကြောင်းမဲ့ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ကို အမြန်ဆုံး ရုတ်သိမ်းပေးရေးနဲ့ မီးလောင်ဗုံး အကြမ်းဖက် တရားခံတွေကို အမြန်ဆုံး ဖေါ်ထုတ်ပေးရေးတို့ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဘက်က တရား၀င် ဆန္ဒပြခွင့်နဲ့ ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပေမယ့် အာဏာပိုင်တွေဘက်ကတော့ တားဆီး ဟန့်တားတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နေရာဆိုပြီး တားဆီးတာလို့ ရဲဝန်ထမ်းတွေက ပြောကြောင်း ဒီဆန္ဒပြပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ဆည်တည်းရွာသား ကိုကျော်ကျော်က ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်လို့ လျော်ကြေး ယူသူတွေ ရှိသလို မယူသူတွေလည်း ရှိကြောင်း၊ မြေတွေ လုံးဝ သုံးစားလို့ မရသူတွေက လျော်ကြေး လက်ခံခဲ့ကြပြီး ဘိုးစဉ်ဘောင်ဆက် ထွန်ယက် စိုက်ပျိုးလာတဲ့ မြေကို မစွန့်လိုသူတွေကတော့ လျော်ကြေးငွေ လက်မခံပဲ စီမံကိန်း ရပ်ဆိုင်းပေးဖို့ပဲ လိုလားနေကြကြောင်း ဆည်တည်းရွာသား ကိုကျော်ကျော်က ဘီဘီစီကို ပြောပါတယ်။