တပ်မတော်နေ့ အခမ်းအနား ဒေါ်စု တက်

Daw Aung San Suu Kyi
Image caption တပ်မတော်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ၆၈ နှစ် မြောက် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက် အားပေး ချီးမြှင့်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို မမုန်းကြောင်းနဲ့ ချစ်ခင်ကြောင်းကို အခါအားလျော်စွာ ပြောဆိုခဲ့သလို အခု တကြိမ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် တပ်မတော်နေ့ အခမ်းအနား ထူးခြားမှုအဖြစ် စစ်တပ်က ပိုင်ဆိုင်ထားရှိတဲ့ စစ်လက်နက် ပစ္စည်းတွေကို ပထမဆုံးအကြိမ် ထုတ်ပြခဲ့သလို တိုက်လေယာဉ်တွေ ကောင်းကင်မှာ ပျံဝဲပြပြီး ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုခဲ့ကြပါတယ်။

လေယာဉ်တွေ ပျံဝဲတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က လက်ခုပ်လက်ဝါးတီး ဂုဏ်ပြုခဲ့တယ်လို့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက သူ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်သားတွေကို ပြောကြားတဲ့ အမှာစကားထဲမှာတော့ တပ်ကို ခေတ်မီ တပ်မတော်အဖြစ် ထူထောင်သွားမယ်၊ ငြိမ်းချမ်းရေး အတွက်လည်း ဆောင်ရွက်သွားမယ်၊ တပ်မတော်ဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး ဆိုတာတွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။