ငြိမ်းချမ်းဖို့ အတွက် မန္တလေးမှာ ဘာသာစုံ ဆုတောင်း

Image caption မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာ အနွယ်ဝင် သူတော်စင် ရဟန်းတွေ

မန္တလေး ဘုရားကြီး တောင်ဘက် အလယ်တိုက် ကျောင်းကြီးမှာ မနေ့ညက ဘာသာပေါင်းစုံ လူအင်အား(၁၅၀)ကျော်က ဘာသာရေး အကြမ်းဖက် မှုတွေ ငြိမ်းချမ်းဖို့ ဘာသာစုံ ဆုတောင်း ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီပွဲမှာ ဗုဒ္ဓ ဘာသာ ၊ အစ္စလာမ် ဘာသာ ၊ ဟိန္ဒူ ဘာသာ ၊ ခရစ်ယာန် ဘာသာဝင် တွေနဲ့ ဘာသာ ပေါင်းစုံ တက်ရောက်ခဲ့ကြတာ ဖြစ်ပြီး ဒါဟာ အင်မတန် အကျိုးရှိပြီး ငြိမ်းချမ်းတယ်လို့ အလယ်တိုက်ကျောင်း သံဃာတော် ဦးသာ၀ရက ဘီဘီစီကို မိန့်ပါတယ်။

အခုတော့ ပဋိပက္ခတွေ ကင်းငြိမ်းသွားပြီး အေးအေး ချမ်းချမ်း ဖြစ်သွားပြီ ၊ နောက်ဒီလို ဘာသာရေး ပြသနာတွေ မဖြစ် ရအောင် ကိုယ့်ဘာသာ အလိုက် ထိန်းသိမ်း ကြမယ်ဆိုရင် ပြသာနာတွေ အေးချမ်း သွားမယ်လို့ ဦးသာဝရက မိန့်ကြားပါတယ်။

ဆုတောင်းပွဲကို တက်ရောက် လာတဲ့ မန္တလေးမြို့ခံ အစ္စလာမ် ဘာသာဝင်တဦးကတော့ တမြို့လုံး အတွက် စိတ်ချမ်းသာစရာ ဖြစ်ခဲ့ပြီး သံဃာတော်တွေရဲ့ မေတ္တာ ကြောင့် ငြိမ်းချမ်းသွား မှာပါလို့ ပြောပါတယ်။

သာသာပေါင်းစုံက လူတွေဟာ တကယ့်ကို စိတ်ထဲက ကိုယ်စီ လှိုက်လှိုက် လှဲလှဲ ကိုယ်စီ ဆုတောင်းနေတာ တွေ့ရတယ်လို့ မြို့ခံက ဆိုပါတယ်။

အရမ်းလည်း ကျေနပ်မိတယ် ၊ တယောက်နဲ့ တယောက်လည်း နားလည်မှုတွေ ရသွားတယ်လို့ ခံစားမိကြောင်း မျက်မြင်တွေ့ရသူက ရှင်းပြခဲ့ပါတယ်။

ဒီလို စီစဉ်တဲ့ အတွက်ကြောင့် မြို့ထဲမှာ ကျီးလန့်စာစား အထိတ် တလန့် ဖြစ်နေတဲ့ လူတွေဟာ အခုလို ဘာသာပေါင်းစုံ ဆုတောင်းပွဲကြောင့် ထိုက်သင့်တဲ့ အေးငြိမ်းမှု ရသွားတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ရဲ့ မန္တလေး သံဃာတွေရဲ့ မေတ္တာနဲ့ အခုလို လုပ်ဆောင်မှုတွေကြောင့် ငြိမ်းချမ်းမှုတွေ တနိုင်ငံလုံး ကျယ်ပြန့် သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

ဒါကြောင့် ဒီအခမ်း အနားကို တက်ရတာ ဝမ်းမြောက်တယ် ဂုဏ်လည်း ယူပါတယ်လို့ သူက ဆိုသွားခဲ့ပါတယ်။

ဒီဘာသာစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အလယ်တိုက် ဆရာတော် ဦးခေမာစာရနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ အပြင် ဘာသာရေး ခေါင်းဆောင်တွေက ဦးဆောင် ကျင်းပ ခဲ့တာလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ