ပြည်တွင်းပြည်ပ ကရင် အဖွဲ့ပေါင်းစုံ အစည်းအဝေး

ပြည်တွင်း ပြည်ပ ကရင် တိုင်းရင်းသားတွေကြား ပထမဆုံး အကြိမ် စုံညီ တွေ့ဆုံ
ဓာတ်ပုံ ပုံစာ,

ပြည်တွင်း ပြည်ပ ကရင် တိုင်းရင်းသားတွေကြား ပထမဆုံး အကြိမ် စုံညီ တွေ့ဆုံ

ကရင် ပြည်နယ် ဘားအံ မြို့မှာ ပြည်တွင်း၊ ပြည်ပ ကရင် အဖွဲ့ အစည်း ပေါင်းစုံ အစည်း အဝေးကို မတ်လ ၂၉ ရက် နဲ့ ၃၀ ရက် ၂ ရက်ကြာ ကျင်းပ ပါတယ်။

အဲဒီ အစည်းအဝေးမှာ ကရင် တမျိုးသား စည်းလုံး ညီညွတ်ရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်း ရေးကို ဆက်လက် အကောင် အထည်ဖေါ်ရေးနဲ့ ကရင့် အနာဂါတ် အရေး စတာ တွေကို အလေးထား ဆွေးနွေး ခဲ့ကြပါတယ်။

ကရင် လက်နက် ကိုင်တွေ အကြား ပြန်ပြီး စည်းလုံး ညီညွတ်ဖို့ အတွက်လည်း အဓိက ဆွေးနွေး ခဲ့ကြ တယ်လို့ ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ ဗဟို ကော်မတီဝင် ဖဒို မန်းငြိမ်းမောင်က ဘီဘီစီကို ပြောပါတယ်။

ကရင် တမျိုးသားလုံး ပါဝင်တဲ့ ကရင် အမျိုးသား ညီလာခံကြီး ကျင်းပ နိုင်ရေး အတွက်လည်း သဘောတူ ခဲ့ကြပြီး၊ အဲဒီ အတွက် ကော်မတီ တရပ် ဖွဲ့စည်း ခဲ့တယ် လို့လည်း သူက ပြောပါတယ်။

အစည်း အဝေးပွဲကို ပြည်တွင်းက၊ ကရင် လက်နက်ကိုင် ငြိမ်း အဖွဲ့တွေ ဖြစ်တဲ့၊ ကေအန်ယူ၊ ကလို့ထူး ဘော၊ ဒီကေဘီအေ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ၊ သံတောင်ငြိမ်းအဖွဲ့၊ ကရင် နယ်ခြားစောင့် အဖွဲ့ စတဲ့ အဖွဲ့တွေ အပါအဝင် နိုင်ငံရေး ပါတီတွေ၊ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့ အစည်းတွေ က ကိုယ်စားလှယ် စုစုပေါင်း ၄၀၀ လောက် တက်ရောက် ခဲ့ကြ ပါတယ်။

ဒီအစည်း အဝေးဟာ ပြည်တွင်း ပြည်ပ ကရင် တိုင်းရင်းသားတွေကြား ပထမဆုံး အကြိမ် စုံညီ တွေ့ဆုံ ခဲ့ကြတဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။